ဧပြီ (၁၈) ၂၀၂၅

သျှမ်းပြည်နယ်၊ လားရှိုးမြို့သို့ စစ်ကောင်စီတပ်များ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တရုတ်အစိုးရကိုယ်စားလှယ်များပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရှိရသည်။
ဧပြီ ၁၇ ရက်နေ့လယ်ပိုင်းတွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂)ရှိ “ဆင်နှစ်ကောင်” ဟိုတယ်၌ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုအစည်းအဝေးတွင် စစ်ကောင်စီအရာရှိအချို့နှင့် တရုတ်အစိုးရကိုယ်စားလှယ်များသည် MNDAA အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဧပြီ ၁၆ ရက်က မူဆယ်မြို့မှ စစ်ကောင်စီနှင့် တရုတ်အရာရှိများသည် ရဟတ်ယာဉ်နှစ်စီးဖြင့် လားရှိုးမြို့သို့ ရောက်ရှိခဲ့ကြောင်းလည်း သိရသည်။
တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် သင်္ကြန်ကာလအပြီး ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်) ထိ MNDAA တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ထို့နောက် သုံးဖက်အကြား အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
ယနေ့ (ဧပြီ ၁၈ ရက်) မှစ၍ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲအပ်မည်ဖြစ်ကြောင်း၊ ယခင်ရက်များတွင်လည်း စစ်ကောင်စီ၏ စရဖတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် မြို့တွင်းသို့ ဝင်ရောက်နေကြောင်း သိရသည်။
တရုတ်ဘက်က လားရှိုးမြို့တွင် ကုန်သွယ်ရေးရုံးဖွင့်ရန် ရည်ရွယ်ချက်ရှိကြောင်း၊ စစ်ကောင်စီဘက်ကလည်း သဘောတူမှုရှိနေသည်ဟု သိရှိရသည်။
ထို့အပြင် MNDAA သည် လားရှိုးမြို့၌ ဆက်ဆံရေးရုံး ဆက်လက်ထားရှိရန်အပြင် တရုတ်က ကုန်သွယ်ရေးရုံးဖွင့်သည့်အပေါ် တရားဝင် ထုတ်ပြန်ချက်များမရှိသေးပေ။
ဧပြီ ၁၇ ရက် ညပိုင်းအထိ MNDAA တပ်ဖွဲ့ဝင်များသည် မြို့ပေါ် ရပ်ကွက်များတွင် တွေ့မြင်နိုင်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်းတွင် မတွေ့နိုင်တော့ကြောင်း ဒေသခံများက ပြောသည်။
လားရှိုးမြို့ရှိ ရပ်ကွက် (၁၂) ခုအတွင်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် အစိုးရဌာနဆိုင်ရာအဖွဲ့များ ဝင်ရောက်လာမည်ဖြစ်သလို MNDAA သည် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ထိန်းချုပ်ထားမည်ဖြစ်သည်ဟု ဒေသခံများက ပြောကြသည်။
လာမည့် ဧပြီ ၂၂ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် MNDAA တပ်ဖွဲ့တို့သည် တရုတ်၏ စီစဉ်မှုဖြင့် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Ref; သျှမ်းသံတော်ဆင့်
Photo- ရွှေဖီမြေသတင်းအေဂျင်စီ