မော်လမြိုင် – ဧပြီ ၁၈

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ယမန်နေ့၊ ၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်တွင် စစ်ကောင်စီမှ ပြစ်ဒဏ်လျှော့ပေါ့လွတ်မြောက်ခွင့် အမိန့်ထုတ်ပြန်ခဲ့ပြီး အကျဥ်းသား ၄၀၀၀ ကျော်လွတ်မြောက်ခွင့်ရခဲ့သည်။
ထိုအမိန့်အရ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်များနှင့် ကုန်ထုတ်စခန်းများမှ အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း (၅၁၃) ဦး ပြန်လည်လွတ်မြောက်ခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။
အကျဉ်းဦးစီးဌာနမှ ထုတ်ပြန်ချက်အရ ထိုအထဲတွင်—
• ကျိုက်မရောဗဟိုအကျဉ်းထောင် – ကျား (၆၃) ဦး၊ မ (၃၄) ဦး
• မော်လမြိုင်အချုပ်ထောင် – ကျား (၁၃၃) ဦး၊ မ (၇၇) ဦး
• ဈေးမသွယ်အကျဉ်းထောင် (သထုံ) – ကျား (၄၃) ဦး
• တောင်စွန်းကုန်ထုတ်စခန်း (ဘီးလင်း) – ကျား (၃၀) ဦး
• အင်္ဂဘိုရော်ဘာစိုက်စခန်း (ကျိုက်ထို) – ကျား (၁၃) ဦး
• မုပ္ပလင် (အမျိုးသား) ကုန်ထုတ်စခန်း – (၄၆) ဦး
• မုပ္ပလင် (အမျိုးသမီး) ကုန်ထုတ်စခန်း – (၅၁) ဦး
• ဇင်းကျိုက်ကုန်ထုတ်စခန်း (ပေါင်) – ကျား (၄) ဦး
• ရင်းငြိမ်ကုန်ထုတ်စခန်း – ကျား (၁၀) ဦး
• အင်းဗြောင်ကုန်ထုတ်စခန်း – ကျား (၉) ဦး
စစ်ကောင်စီဥက္ကဌအနေဖြင့် မြန်မာနှစ်သစ်မင်္ဂလာအထိမ်းအမှတ်အဖြစ်နှင့် ပြည်သူတို့၏စိတ်အေးချမ်းရေး၊ လူမှုရေးငဲ့ညှာမှုဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်အရ—
• လူသတ်မှု၊ မုဒိန်းမှု၊ မူးယစ်ဆေးဝါး၊ လက်နက်နှင့် အကြမ်းဖက်မှုများစသည့် ပြင်းထန်သောပြစ်မှုများအတွက်မဟုတ်ဘဲ၊
• တစ်စုံတစ်ခုသောပြစ်မှုအတွက် ပြစ်ဒဏ်ကျခံနေရသူများကို
• ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ (၁) အရ
• ကျန်ရှိသည့်ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံအား လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
ဤအမိန့်သည် အမိန့်အမှတ် ၃၀/၂၀၂၅ ဖြစ်ပြီး၊ ပြစ်ဒဏ်လျှော့ခွင့်ရသူ (၄၈၉၃) ဦးအပါအဝင် နိုင်ငံခြားသား (၁၃) ဦးအားလည်း တရားဝင်လွတ်မြောက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
လွတ်လပ်သုတေသနအဖွဲ့ ISP-Myanmar ရဲ့ စုဆောင်းထားသောအချက်အလက်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက် လွတ်မြောက်ခွင့် (၁၇) ကြိမ် ကြေညာခဲ့ပြီး၊ ထိုကာလအတွင်း အကျဉ်းသားစုစုပေါင်း (၁၀၆,၆၂၂) ဦး ကို ပြန်လွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်နိုင်သူမှာ ၉,၀၀၀ ဝန်းကျင်သာရှိကြောင်းလည်း ဖော်ပြထားသည်။