မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မင်းစောကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဧပြီ ၁၉ ရက်က စစ်ကောင်စီလေတပ်မှ ဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ရာ ကိုရင်တစ်ပါးအပါအဝင် လူသုံးဦး သေဆုံးပြီး၊ အရပ်သားထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါတိုက်ခိုက်မှုမှာ KNU တပ်ပေါင်းစုများ ဘုန်းကြီးကျောင်းတွင် အခြေပြုနေသည့်ယူဆချက်ဖြင့် နေ့ဆွမ်းပြင်ဆင်နေချိန် မနက် ၁၁ နာရီနှင့် နေ့လည် ၁ နာရီကျော်ခန့်တွင် ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချခဲ့ခြင်းဖြစ်ပြီး ထိုအချိန်တွင် ဘုန်းကြီးကျောင်း၌ ကိုရင်တစ်ပါးနှင့် ဆွမ်းချက်ဒါယကာအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ရေးစောင့်ကြည့်နေသူများနှင့် ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “မနက် ၁၁ နာရီခန့်မှာ တစ်ကြိမ်၊ နေ့လည် ၁ နာရီလောက်မှာ တစ်ကြိမ်ကြဲပါတယ်။ ပေါင် ၅၀၀ ဗုံးတွေနဲ့လာကြဲတာပါ။ ဘုန်းကြီးကျောင်းမှာ ဆွမ်းဝိုင်းပြင်နေတဲ့အချိန်၊ အကုသိုလ်ဝင်လာတာပါ” ဟု ပြောသည်။
KNU တပ်မဟာ (၁) ကလည်း ဤတိုက်ခိုက်မှုအကြောင်းအရာကို အတည်ပြုထားပြီး၊ ထိခိုက်ဒဏ်ရာရသူများအနက် ကျောင်းရှိ ကိုရင်ကြီးတစ်ပါးနှင့် ကိုရင်လေးနှစ်ပါးပါဝင်ကြောင်း သတင်းဌာနများသို့ ပြောကြားထားသည်။ ထို့အပြင် ဘုန်းကြီးကျောင်းဆောင်နေရာအတော်အတန် ပျက်စီးမှုများရှိသည်ဟုလည်း သတင်းရရှိသည်။
အလားတူ KNU တပ်ပေါင်းစုများ ဝင်ရောက်လှုပ်ရှားနေသော ကော့ကရိတ်မြို့နယ်ရှိ ကမ်းနီကျေးရွာနှင့် သရက်တောကျေးရွာများတွင်လည်း သကြႅန်ကာလအတွင်း စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့သည်။
ဤတိုက်ခိုက်မှုများကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး၊ သံဃာနှင့် အရပ်သားစုစုပေါင်း ၂၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်းသိရသည်။
သတင်းထဲ၌ ဧပြီ ၂ ရက်မှ ၂၂ ရက်အတွင်း တဖက်သတ်အပစ်ရပ်ကြောင်း စစ်ကောင်စီက ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။


