Kawao News- ဧပြီ ၁၈၊
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သော မလေးရှား၏ ဝန်ကြီးချုပ် အန်နဝါ အီဗရာဟင်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ယနေ့တွင် တရားဝင် တွေ့ဆုံဦးမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားသည်။
ယခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မလေးရှားမှ တာဝန်ယူထားသည့် အီဗရာဟင်သည် ဧပြီ ၁၇ ရက်တွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့ကို တွေ့ဆုံပြီးနောက် ဧပြီ ၁၈ ရက်နံနက်ပိုင်းတွင် NUG ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟု သိရသည်။
NUG ဘက်မှ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းပြည်သူ့ပါတီ အမတ်တစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
မလေးရှားဝန်ကြီးချုပ်က ယနေ့ မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုတွင် မြန်မာပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များ ပေးရေးကိစ္စကို အဓိက ဆွေးနွေးခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူ့အကျိုးစီးပွားအတွက် သက်ဆိုင်ရာပါတီအားလုံး ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။
