Malay Mail- ဧပြီ(၁၈)
မြန်မာနိုင်ငံတွင် ပြင်းထန်သောငလျင်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအား အကူအညီများ ပိုမိုထိရောက်စွာ ပေးနိုင်ရန်အတွက် မြန်မာစစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ သီးခြားစီ ကြေညာထားသော အပစ်ရပ်စဲရေးကို ဆက်လက်တိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ဧပြီ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် အန်နဝါသည် မြန်မာစစ်ကောင်စီခေါင်းဆောင်နှင့် ယမန်နေ့က ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယနေ့မနက်ပိုင်းတွင် NUG ဝန်ကြီးချုပ်နှင့် အွန်လိုင်းမှတစ်ဆင့် ၄၀ မိနစ်ကြာ ဆွေးနွေးခဲ့ကာ ရလဒ်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အန်နဝါက “အပစ်ရပ်စဲရေးနှင့် မလိုအပ်သော ပစ်ခတ်တိုက်ခိုက်မှုများ ရှောင်ကြဉ်ရန် အရေးကြီးသည်။ ထိုသို့မဟုတ်ပါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားသွားနိုင်သည်” ဟု ဘန်ကောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့အပြင် “စစ်ကောင်စီကိုလည်းကောင်း NUG တို့ကိုလည်းကောင်း ဆွေးနွေးမှုများ အလွန်အောင်မြင်ခဲ့ပြီး အန်နဝါအနေဖြင့် နှစ်ဖက်စလုံးကို တွေ့ဆုံသည့်အပေါ် မည်သည့်ဘက်ကလည်း ကန့်ကွက်ခြင်းမရှိကြောင်း” သူက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လူ ၃၇၀၀ ကျော်သေဆုံခဲ့သော မတ် ၂၈ ရက်က ပြင်းထန်ငလျင်ဒဏ်ကြောင့် NUG က အပစ်ရပ်စဲရေး တဖက်သတ် ကြေညာခဲ့သလို စစ်ကောင်စီကလည်း ဧပြီ ၂ ရက်တွင် ၂၀ ရက်ကြာ အပစ်ရပ်စဲရေး သီးခြားကြေညာခဲ့သော်လည်းအချို့ဒေသများတွင် လေကြောင်းဗုံးကြဲခြင်းနှင့် စစ်ဆင်ရေးများ ဆက်လက်ရှိနေကြောင်း ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများက သတင်းထုတ်ပြန်ခဲ့သည်။
“ကျွန်ုပ်တို့၏ အဓိကဦးစားပေးမှုမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်စဲရေးလိုအပ်ပြီး အကူအညီပေးသူများကို လုံခြုံရေးအာမခံရမည်” ဟု အန်နဝါက ထပ်လောင်းပြောကြားခဲ့သည်။
အာဆီယံသည် စစ်အာဏာသိမ်းပြီးနောက် အာဆီယံ၏ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် ၅ ချက်ကို မလိုက်နာသောကြောင့် စစ်ကောင်စီခေါင်းဆောင်များအား ထိပ်တန်းအစည်းအဝေးများသို့ ဖိတ်ကြားခြင်းကို ရပ်ဆိုင်းထားသည်။
“အာဆီယံအနေဖြင့် စစ်ကောင်စီအပြင် NUG ကိုလည်း ဆက်လက်ဆွေးနွေးရန် လုပ်ဆောင်သင့်ပြီး ယင်းသည် ငြိမ်းချမ်းရေးအတွက် အခြေခံကျသော အချက်ဖြစ်သည်” ဟု အန်နဝါက ပြောကြားခဲ့သည်။
ထို့အပြင်၊ အာဆီယံသည် NUG နှင့် စစ်ကောင်စီနှစ်ဖက်လုံးနှင့် ဆက်သွယ်ပြောဆိုမည်ဖြစ်ပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကိုလည်း ဆက်လက်ပေးအပ်သွားမည်ဟု သူက ပြောကြားခဲ့သည်။
ကိုးကား– Reuters သတင်း – “PM Anwar: Myanmar junta, opposition agree to extend ceasefire for aid efforts”
