ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ ဘီဘရာဟင်နှင့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် လုံခြုံရေးအဆင့်မြှင့်ထားသော Bangkok ဟိုတယ်၌ ညစာစားပွဲနှင့်အတူ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့တွင် ကျင်းပနေသည်။
“Rosewood Bangkok Hotel ထိပ်သီးတွေ့ဆုံပွဲ”
လက်ရှိတွင် အာစီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ အကြံပေးတစ်ဦးအဖြစ် မစ္စတာ သက်ဆင်က ညစာစားပွဲကို တည်ခင်း၍ ဝန်ကြီးချုပ် အန်ဝါနှင့် မင်းအောင်လှိုင် ထိပ်သီးတွေ့ဆုံပွဲကို Rosewood Bangkok Hotel ၌ ကျင်းပနေခြင်း ဖြစ်သည်။
တွေ့ဆုံပွဲကျင်းပမည့် ဘန်ကောက်ဟိုတယ်၌ ယနေ့ မွန်းလွဲပိုင်းကတည်းက ဧည့်သည်နှစ်ဦးစလုံးကို မစ္စတာ သက်ဆင် စောင့်ကြိုနေခဲ့သည်။ မွန်းလွဲ ၂:၄၂ နာရီတွင် အန်ဝါ၏မော်တော်ယာဥ်တန်းသည်လည်းကောင်း၊ ၂:၅၅ နာရီတွင် မြန်မာအစိုးရအမှတ်တံဆိပ်ပါ မော်တော်ယာဥ်နှင့်အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဆိုက်ရောက်လာခဲ့သည်။
ဤညစာစားပွဲတွင် လက်ရှိထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ် တက်ရောက်ခြင်းမရှိကြောင်း သတင်းများအရ သိရှိရသည်။
မြန်မာစစ်ခေါင်းဆောင် ရောက်ရှိပြီးမကြာမီတွင်၊ Asian Peace and Reconciliation Council – APRC ၏ ဥက္ကဋ္ဌ Surakiart Sathirathai အဆိုပါ ဧည့်ခံနေရာမှ ထွက်ခွာသွားသည်ကို နေ့လယ် ၃:၀၀ နာရီတွင် မြင်တွေ့ရသည်။
“လုံခြုံရေးနှင့် မီဒီယာကန့်သတ်မှုများ”
လုံခြုံရေးအတွက် ဟိုတယ်အတွင်းနှင့် အနီးပတ်ဝန်းကျင်တွင် အရပ်ဝတ်နှင့် ယူနီဖောင်းဝတ် ရဲများကို အင်အားတိုးမြှင့် ချထားသည်။ ကြိုတင်ကာကွယ်ရေးအနေဖြင့် ရဲအထူးကုဆေးရုံမှ လူနာတင်ယာဉ်တစ်စီးလည်း တွေ့ခဲ့သည်။
တွေ့ဆုံပွဲကျင်းပစဥ် မီဒီယာများကိုလည်း ဟိုတယ်ဧရိယာထဲသို့ ဝင်ရောက်ခွင့်မပြုခဲ့ပေ။
“မြန်မာနိုင်ငံအရေးအတွက် ငြိမ်းချမ်းရေးညှိနှိုင်းမှု ဖြစ်နိုင်ခြေ”
သက်ဆင်သည် ယခင်ကပင် မြန်မာစစ်ခေါင်းဆောင်နှင့် အတိုက်အခံတော်လှန်ရေးအဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စေ့စပ်ဖျန်ဖြေရေးပြုလုပ်ပေးရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ဖူးသည်။
ဤကြိုးပမ်းမှုသည် ပဋိပက္ခဒဏ်ခံစားနေရသော အိမ်နီးချင်းမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးပြန်လည်ထွန်းကားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။
Ref; Thaksin meets Anwar, Myanmar junta leader at Bangkok hotel amid tight security- ၂၀၂၅ ဧပြီ(၁၇) The Nation သတင်းစာဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။