မလေးရှား ဝန်ကြီးချုပ် အန်ဝါ အစ်ဘရာဟင်က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဧပြီ ၁၇ ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံမယ်လို့ ကြေညာထားပေမယ့် သတင်းတချို့ထဲမှာဆိုရင်တော့ ဒီတွေ့ဆုံမှုဟာ အရေးတယူ တွေ့ဆုံတာ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးသုံးသပ်သူတွေက ယူဆနေကြပါတယ်။
မလေးရှားမီဒီယာတွေကဆိုရင် အန်ဝါက မင်းအောင်လှိုင်နဲ့ လူသားချင်းစာနာမှုအရေးတွေ၊ အထူးသဖြင့် မတ် ၂၈ ရက်နေ့ မြေငလျင်ကြီးဖြစ်ပြီးနောက် မြန်မာမှာ ကယ်ဆယ်ရေးအဖွဲ့နဲ့ လုပ်ဆောင်နေတဲ့ မလေးရှားအသင်းရဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အဓိက ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။
ASEAN ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ အန်ဝါ အနေနဲ့ မင်းအောင်လှိုင်ကို ဧပြီ ၂၂ ရက်မှာ သက်တမ်းကုန်မယ့် ယာယီပဋိပက္ခရပ်စဲမှုကို ဆက်လက် တိုးချဲ့ဖို့ တောင်းဆိုဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
မင်းအောင်လှိုင်က ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ပဋိပက္ခရပ်နားမယ်လို့ ကြေညာခဲ့တာက မြေငလျင်ကြီးအပြီး လူတွေကို ကူညီဖို့ဆိုတာပဲ။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ စစ်တပ်က တိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ UN Human Rights Council က ပြောပါတယ်။
UN Human Rights Council ရဲ့ ပြောခွင့်ရ Ravini Shamdasani ပြောတာက မြေငလျင်ဖြစ်ပြီးတဲ့နောက်မှာ စစ်တပ်က တိုက်ခိုက်မှု ၁၂၀ ချီ လုပ်ထားပြီး အဲ့ဒါတွေထဲက တဝက်ကျော်ဟာ ဧပြီ ၂ ရက် အပစ်ရပ် Ceasefire ကြေညာပြီးတဲ့နောက်မှ ဖြစ်တာတဲ့။ အတိုက်အခိုက်အများစုကလည်း လေကြောင်းနဲ့ ဗုံးကြဲခဲ့တာပါ။
အရပ်သားနေရာတွေမှာ တိုက်ခိုက်မှုတွေဖြစ်နေတာ တချို့ကတော့ စစ်ဥပဒေအရ မလုပ်သင့်တဲ့ နေရာ၊ အရပ်သားစစ်သား ပစ်မှတ်နေရာတွေ မရွေးမခွဲဘဲ တိုက်ခိုက်မှု ဖြစ်နေတာလို့ ပြောပါတယ်။
ဘာလို့ ထိုင်းမှာ တွေ့ရတာလဲ?
ထိုင်းခေါင်းဆောင်တွေနဲ့ တောင်ပိုင်းမှာ ရေကြီးတာနဲ့ပတ်သက်ပြီး တွေ့ဆုံဖို့ သွားတဲ့အချိန်မှာပဲ မင်းအောင်လှိုင်နဲ့ တွေ့ဖို့ချိန်းလိုက်တာ ဖြစ်တယ်လို့ အန်ဝါက ဆိုပါတယ်။
ဒါပေမယ့် အတိုက်အခံပါတီဖြစ်တဲ့ ထိုင်းလွှတ်တော်အမတ် ကန်နာဝီ ဆွပ်စစ်ကတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ “ဘာကြောင့် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နဲ့ သူ့နိုင်ငံမှာမတွေ့ဘဲ ထိုင်းမှာ လာတွေ့ဖို့ကြိုးစားရတာလဲ” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။
အဲ့ဒါကြောင့် အန်ဝါက စစ်ခေါင်းဆောင်နဲ့ တကယ်စကားပြောချင်တယ်ဆိုရင် ထိုင်းမှာ သူ့တာဝန်တွေပြီးရင် မလေးရှားကို ဖိတ်ခေါ်ပြီး တရားဝင်တွေ့ဆုံ သင့်တယ်လို့ ပြောပါတယ်။ ဒါမှမဟုတ် တကယ့်ကိုပဲ အားတက်သရောရှိနေတယ် ဆိုရင်တော့ အန်ဝါကိုယ်တိုင်ပဲ မြန်မာကို သွားပါလားလို့လည်း ပြောထားပါတယ်။
သက်ဆင် ပါလာတဲ့ကိစ္စ
ASEAN အစည်းအဝေးတွေမှာ မင်းအောင်လှိုင်ကို ပါဝင်ခွင့် ပယ်ထားပေမယ့် တရုတ်နဲ့ ရုရှားလို မဟာမိတ်နိုင်ငံတွေကိုတော့ သွားခဲ့တယ်။ ဧပြီ ၄-၅ ရက်နေ့တွေမှာတော့ ဘန်ကောက်မှာ ကျင်းပတဲ့ BIMSTEC ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် တက်ခဲ့ပြီး အဲ့မှာပဲ ထိုင်းရဲ့ ယခင်ဝန်ကြီးချုပ် သက်ဆင်နဲ့ တိတ်တဆိတ် တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
သက်ဆင်ကတော့ ယခုအချိန်မှာ မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ အကြံပေးအဖြစ် တာဝန်ယူထားပါတယ်။ သက်ဆင်က မင်းအောင်လှိုင်ကို ဆန့်ကျင်ဘက်အင်အားစုတွေနဲ့ ညှိနိုင်းဖို့၊ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တိုက်တွန်းထားတယ်။
ထိုင်းအနေနဲ့လည်း ကြားဖြတ်အဖြစ် ဝင်ရောက်ဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ပြောထားပါတယ်။
သက်ဆင်နဲ့ မင်းအောင်လှိုင် တွေ့တဲ့အချိန်က ဒီလိုဆွေးနွေးမှုတွေအတွက် ဦးတည်မှုတစ်ခုဖြစ်လာနိုင်ပြီး အန်ဝါနဲ့ လာမယ့် အခုတွေ့ဆုံပွဲကို ချောမွေ့အောင် လုပ်ပေးနိုင်တယ်လို့ ယူဆထားပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးအတွက် လမ်းပြမြေပုံမရှိ
သက်ဆင်က ကြိုးစားမှုတွေရှိပေမယ့် ထိုင်းဝန်ကြီးချုပ်ဖြစ်တဲ့ သူ့သမီး ဖယ်ထောင်ထန် ဦးဆောင်တဲ့အစိုးရကတော့ မြန်မာ့အရေးအတွက် တိကျတဲ့အစီအစဉ်မရှိဘူးလို့ အပြင်းအထန် ဝေဖန်ခံရပါတယ်။
၂၀၂၄ ခုနှစ်အောက်တိုဘာမှာ ထိုင်းအစိုးရက နယ်စပ်ဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဖို့ Task Force တစ်ခုဖွဲ့ပြီးတာနဲ့ တခြားအရေးကြီးပဋိပက္ခအကြောင်းတွေကို ဘေးနားထားလိုက်တယ်လို့ ဖယ်ထောင်ထန် ဝေဖန်ခံခဲ့ရတယ်။
ဒီဇင်ဘာ ၂၀၂၃ မှာ ထိုင်းအစိုးရက မြန်မာနဲ့အနီးအနားနိုင်ငံတွေကိုဖိတ်ခေါ်ပြီး 5-Point Consensus နဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေလုပ်ခဲ့ပေမယ့် အကောင်အထည်ဖော်မှုနည်းနေပြီး တကယ်မှာလည်း ငြိမ်းချမ်းရေးမရပါဘူး။
ထိုင်းလွှတ်တော်အမတ် ကန်နာဝီကတော့ “ငြိမ်းချမ်းရေးကြားလူအဖြစ် တကယ်လုပ်ချင်တယ်ဆိုရင် အတွေ့အကြုံနဲ့ နားလည်မှု မရှိရင် မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
ကိုးကား-17 Apr 2025 ထုတ် Thai PBS World’s Political Desk မှာ ဖော်ပြတဲ့ “Expectations low for Anwar’s meeting with Min Aung Hlaing in Bangkok” ကို ဆီလျှော်အောင် ဘာသာပြန်သည်။
Photo-(ဘယ်မှညာသို့) မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၊ ယခင်ထိုင်းဝန်ကြီးချုပ် ထက်စင် ရှင်နဝတ္ထရာ၊ နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အစ်ဘရာဟင်
#မြန်မာအရေး#ငြိမ်းချမ်းရေးလိုပါတယ်#အာဆီယံဘယ်လောက်ကူညီမလဲ#သတင်းဖတ်ရအောင်#စစ်အာဏာသိမ်း