သကြႅန်ကာလအတွင်း သီလဆောက်တည်နေစဥ် ဘုန်းတော်ကြီးကျောင်းနှင့် ရာနှင့်ချီအိမ်ခြေများအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲခြင်းမှာ စစ်ရာဇဝတ်မှုမြောက်ပြီး ငြိမ်းချမ်းရေး ကြေညာထားသည့် စစ်ကောင်စီက ၎င်း၏ကတိအား ချေဖျက်နေသည်ဟု စစ်အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့ (NMSP-AD) က ပြင်းထန်စွာ ရှုတ်ချကာ ကြေညာချက်ထုတ်ပြန်လိုက်သည်။
“စစ်အုပ်စု အာဏာရှိနေသရွေ့ ဤကဲ့သို့သော အကြမ်းဖက်မှုများ ဆက်လက်တွေ့ရှိရမည်” ဟု သတိပေးချက်ပါရှိသည့် NMSP-AD ၏ ဧပြီလ ၁၇ ရက်နေ့စွဲပါ ကြေညာချက်တွင် မွန်ပြည်သူအားလုံးအား တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက် (မဟာသက္ကရာဇ်အကြတ်နေ့) နေ့လယ် ၁၂ နာရီခန့်က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကမ်းနီစံပြကျေးရွာနှင့် ရာမညနိကာယ မဟာဝိဟာရဘုန်းတော်ကြီးကျောင်းတို့အား စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် သုံးနှစ်အရွယ်ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် သံဃာတော် ၉ ပါးလည်း ဒဏ်ရာရရှိခဲ့သည်။
လက်ရှိအချိန်အထိ ကျုံဒိုးမြို့အနီးရှိ ကျေးရွာများအား လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်နေဆဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီသည် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် နေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် ကျုံဒိုးနှင့် အခြားဒေသများရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်သွားလာကြရန် NMSP-AD က တိုက်တွန်းထားသည်။
စစ်ဘေးသင့်ပြည်သူများအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီများ ရရှိရန် ကြိုးပမ်းဆောင်ရွက်နေကြသည့် ပရဟိတအဖွဲ့များနှင့် ပြည်သူများအား NMSP-AD က အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြပြီး အဖွဲ့၏ လူသားချင်းစာနာမှုဌာနမှလည်း တတ်နိုင်သမျှ အကူအညီများ ဆက်လက်ပေးသွားမည်ဟု ဆိုသည်။
ထို့အပြင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့များအား လူသားချင်းစာနာမှုအကူအညီများ ပိုမိုဆောင်ရွက်ပေးရန် NMSP-AD က တိုက်တွန်းထားသည်။
“ပြည်သူများ၏ နေ့စဉ်ဘဝ အေးချမ်းလုံခြုံရေးနှင့် တန်းတူညီမျှမှုရှိသော လူ့အဖွဲ့အစည်း တည်ဆောက်ရန်အတွက် အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံးဖယ်ရှားရန် လိုအပ်ပြီး မွန်လူမျိုးများအနေဖြင့် မိမိတို့၏ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရန် NMSP-AD နှင့်အတူ ပူးပေါင်းတော်လှန်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) က အလေးအနက် ဖိတ်ခေါ်အပ်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြသည်။





