ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာသို့ ယမန်နေ့က ကရင်တပ်များ ကမ်းနီရွာမှထွက်ခွာပြီး နာရီဝက်အတွင်းမှာ မြန်မာစစ်တပ်က တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ထိုင်းဘာသာဖြင့်ရေးသားသော The Buddh Online သတင်းစာသို့ မွန်သံဃာတစ်ပါးက ရှင်းလင်းပြောကြားခဲ့သည်။
ဧပြီလ ၁၅ ရက်တွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ကမ်းနီသို့ ဝင်ရောက်လာစဥ်က ဘုန်းတော်ကြီးကျောင်းတွင် ယာယီနားခိုရန် ပြောဆိုခဲ့ရာ ကျောင်းထိုင်ဘုန်းတော်ကြီးက ငြင်းပယ်ခဲ့ကြောင်း၊ ကမ်းနီကျေးရွာသည် အိမ်ခြေများစွာရှိသော မွန်ကျေးရွာကြီးဖြစ်ပြီး ကရင်တပ်များ ကျေးရွာအတွင်း ရှိနေပါက မြန်မာစစ်တပ် တိုက်ခိုက်လာမည်ကို ဘုန်းတော်ကြီးက ကြိုတင်သိရှိထားကြောင်း၊ ထို့နောက် ကရင်တပ်များ ကျေးရွာမှ ထွက်ခွာပြီး မိနစ် ၃၀ အတွင်း မြန်မာစစ်တပ်က YAK-130 တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း The Buddh Online သတင်းစာက ဖော်ပြသည်။
မြန်မာစစ်တပ်က ကမ်းနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအနီး၌ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံး ၂ လုံးကို ဗုံးကြဲခဲ့ခြင်းကြောင့် မွန်လူမျိုး ဗုဒ္ဓဘာသာဝင် (ကလေးနှင့်လူကြီးများအပါအဝင်) ၆ ဦး သေဆုံးကာ သံဃာတော် ၁၀ ပါးနှင့် လူငယ် ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဗုံးများသည် သီလရှင်များ နေထိုင်သော ဓမ္မာရုံကို ထိမှန်ပြီး အနီးရှိကလေးများလည်း ထိခိုက်ခဲ့ကြောင်း၊ ကျောင်းအဝင်ဝတွင် ရပ်နေသော ကားတစ်စီးလည်း ဗုံးဒဏ်ခံခဲ့ရပြီး လူ ၃ ဦး သေဆုံးခဲ့၍ ၁ ဦး ဒဏ်ရာရကြောင်း သိရသည်။
ယင်းဖြစ်စဥ်အပေါ် လက်ရှိအချိန်အထိ မြန်မာစစ်တပ်ဘက်မှ တာဝန်ယူမှုမရှိသေးဘဲ စစ်မက်ဖြစ်ပွားနေပါက ဒဏ်ရာရသူများကို မိမိဘာသာ စရိတ်စကဖြင့် ကုသရသည့် အခြေအနေဖြစ်သည်ဟု ကျေးရွာသားများက ပြောကြားခဲ့သည်။
မွန်သံဃာ့ဂိုဏ်းချုပ်၏ လူမှုရေးဌာနမှ သံဃာတော်များသည် ဒဏ်ရာရသူ လူနာများအား သွားရောက်ကြည့်ရှုကာ အားပေးစကား နှစ်သိမ့်မှုများပြောကြား၍ ငွေကြေးများ ပေးအပ်လှူဒါန်းပေးခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့သည် မြန်မာစစ်တပ်၏ စကခ (၁၂) စစ်ဌာနချုပ်ကို သိမ်းပိုက်ရန်နှင့် မြဝတီမြို့ဆီသို့ ဆက်သွယ်ထားသော အာရှအဝေးပြေးလမ်းမကြီးကို ထိန်းချုပ်ဖြတ်တောက်ရန် ရည်ရွယ်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
Source- https://thebuddh.com/?p=87749
Photo- The Buddh