ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း မွန်ကျေးရွာများဖြစ်သော ကမ်းနီနှင့် သရက်တောကျေးရွာများကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ယနေ့ (ဧပြီ ၁၇) နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါကျေးရွာများတွင် စစ်တပ်နှင့် ပြည်သူ့စစ်များ မရှိသလို KNU၊ PDF နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိနိုင်သည်ယူဆချက်ဖြင့် ကမ်းနီကျေးရွာကိုလည်း စစ်လေယာဉ်မှ ဗုံးထပ်မံကြဲခဲ့ကြောင်း၊ လူအသေအပျောက်နှင့် ပတ်သက်၍ အတိအကျ မသိရသေးကြောင်း ကျေးရွာသားများက ပြောကြားသည်။
“ဒီနေ့မနက်က ကမ်းနီရွာလယ်ပိုင်းကို ဗုံးတစ်လုံး ထပ်ကြဲချခဲ့တယ် လူအသေအပျောက် မသိရသေးဘူး။ လွန်ခဲ့တစ်ရက် သကြႅန်အကြပ်နေ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲကတည်းက ရွာသားတွေ စစ်ဘေးရှောင်နေရတယ်၊ ဒီနေ့မှာ သရက်တောရွာကိုလည်း ဗုံးနှစ်လုံး ထပ်ကြဲခဲ့တယ်။ လူတစ်ယောက် သေဆုံးတယ်လို့ ကြားရတယ်” ဟု ကမ်းနီကျေးရွာမှ တစ်ဦးက ပြောသည်။
အလားတူ ကမ်းနီရွာအနီး ယနေ့ နံနက် ၈ နာရီခွဲခန့်က သရက်တောကျေးရွာကိုလည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးကာ လူငယ်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များက အတည်ပြုထားသည်။
လက်ရှိတွင် ကျုံဒိုးမြို့အနီးရှိ ကျေးရွာများသို့ စစ်ကောင်စီက အင်အားများ ဖြည့်တင်းလျက်ရှိပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သတိပေးပြောကြားသည်။
“စစ်ကောင်စီက အာရှလမ်းမကို ထိန်းချုပ်ရန် ကြိုးစားနေတယ်။ ဂျိုင်းတံတားအထက် ကျုံဒိုးအထိ တပ်သားသစ် အင်အား ၂၀၀ ကျော် ရောက်ရှိနေပြီး ကျားကလေးလမ်းဆုံမှာလည်း တပ်သား ၁၅၀ ခန့် ရှိနေတယ်။ ဒါ့အပြင် ကျုံဒိုး ၅၄၅ နှင့် ၅၄၆ တပ်ရင်းကလည်း အင်အားတွေ ထုတ်လာတယ်။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ၄င်းက ရှင်းပြသည်။
ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအနီးရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်လျက်ရှိပြီး ဘာသာရေးအဆောက်အအုံများ၊ ကျောင်းများ၊ ဆေးရုံများနှင့် နေအိမ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် မွန်ပြည်သစ်ပါတီ (NMSP-AD) က ဒေသခံများအား သတိထား သွားလာနေထိုင်ရန် ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အလားတူ ယမန်နေ့ (ဧပြီ ၁၆) သင်္ကြန်အတက်နေ့တွင် စစ်ကောင်စီက ကျုံဒိုးမြို့နယ်၊ မြောက်ကမ္မရိုက်ကျေးရွာသို့ Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၃၀ ကျော် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးနှင့် လူကြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တွင်ပင် ကျုံဒိုးနှင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ လေးတိုင်အောင်ချမ်းသာကျောင်း၊ အင်းကြီးရွာဘုန်းကြီးကျောင်း၊ သာယာကုန်းရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး နေ့လည်ပိုင်းတွင် ကော့ဝါလဲ၊ သာယာကုန်းနှင့် မြောက်ကမ္မရိုက်ကျေးရွာများသို့ ဗုံးထပ်မံကြဲချခဲ့သည်။
ဧပြီ ၁၄ ရက် ညမှ ၁၆ ရက် ညနေအထိ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း KNLA နှင့် မဟာမိတ်တပ်များက စစ်ကောင်စီ၏ ငွေကောက်ခံဂိတ်များကို တိုက်ခိုက်ရှင်းလင်းခဲ့သည်။ ထိုတိုက်ပွဲများတွင် KNLA ဘက်မှ ရဲဘော် ၃ ဦး ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၂ ဦး သေဆုံးကာ သံဃာတော် ၁၀ ပါးအပါအဝင် ဒေသခံ ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။
ထို့အပြင် တိုက်ပွဲများကြောင့် ကျုံဒိုးဒေသခံများ ဖားအံမြို့နယ်ရှိ ဂျိုင်းကျေးရွာ၊ မနီကုန်း၊ ရိုးမဟာ၊ ရွှေဖြူနှင့် သာမညကျေးရွာများသို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။