ယနေ့ ဧပြီ ၁၆ ရက် (သင်္ကြန်အတက်နေ့) နံနက်စောစောပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
စစ်ကောင်စီက ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ တစ်နိုင်ငံလုံးတွင် အပစ်အခတ်ရပ်စဲရန် ကြေညာထားသော်လည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ မွန်နှင့်ကရင်ကျေးရွာများတွင် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
မြေပြင်သတင်းရင်းမြစ်တစ်ဦးက “ဒီနေ့ မနက် ၅ နာရီ မှာ ကော့ကရိတ်မြောက်ပိုင်း ရွာ တွေ ကို Y12 နဲ့ ဗုံးကြဲတယ်။ မနက် ၈ နာရီ လောက်မှာကျုံဒိုးမြို့ ၊ ကော့ဝါလဲ ရွာဘက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ အထိအခိုက် ကိုမသိရသေးဘူး။ မနေ့က နွားခြံကုန်းဘက်ကိုလည်း ခမရ ၅၄၅ ပစ်တဲ့လက်နက်ကြီးကျည်ကျလို့ ပရိုဘောက်ကားနဲ့ စစ်ရှောင်တဲ့ မိသားစု ၅ ယောက် သေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်ရတယ်၊ ကမ်းနီဘုန်းကြီးကိုလည်း သကြႅန်လူစည်ကားနေချိန်မှာ လေယာဥ်နဲ့ဗုံးကြဲတယ်”ဟု ပြောကြားခဲ့သည်။
ထို့အပြင် ယမန်နေ့က သင်္ကြန်လူစည်ကားသည့်အချိန်တွင် ကမ်းနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းပေါ်သို့ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ၆ ဦး သေဆုံးကာ သံဃာတော်နှင့် အရပ်သား ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကမ်းနီကျေးရွာတွင် တိုက်ပွဲမဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က နေ့လယ် ၁၁ နာရီကျော်တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် မျှဝေထားသော ဓာတ်ပုံများအရ ဗုံးကြဲချိန်တွင် ကျေးရွာအနီးရှိ အိမ်စီးကားတစ်စီးထဲမှ လူ ၃ ဦး ချက်ချင်းသေဆုံးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက အတည်ပြုခဲ့သည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုအပြီး ကမ်းနီ၊ သရက်တော၊ ကမ်းမ္မရိုက်နှင့် မိဂလုံကျေးရွာများဘက်သို့ Y-12 လေယာဉ်များ ဆက်လက်ပျံသန်းကင်းထောက်နေခဲ့သလို စစ်ကောင်စီ၏ ဒရုန်းများနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်း ရှိနေကြောင်း သတင်းများက ဖော်ပြသည်။
ထို့ပြင် KIA က ဗန်းမော်မြို့ မင်းလှရပ်ကွက်ရှိ စစ်တပ်ကင်း စခန်းတစ်ခုကို ဧပြီ ၁၃ ရက် ည ၁၀ နာရီမှာတိုက်ခိုက်ခဲ့ကြောင်း၊ KNPP/KNDFက ဧပြီ ၁၃ ရက် မနက် ၇ နာရီမှာဘော်လခဲက လုံခြုံရေးစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း၊ ဧပြီ ၁၂ နဲ့ ၁၃ ရက်က KNU တပ်မဟာ(၄) ထီးထာစခန်းကို ဒရော့ဗုံး ၇၀ ကျော်လောက် လာရောက်ပစ်ခတ်သဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၁၅ ရက်တွင် ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “တိုင်းရင်းသားလက်နက်ကိုင်များက တပ်မတော်၏ စစ်ရပ်နားမှုကို အခွင့်ကောင်းယူပြီး စခန်းတွေကို တိုက်ခိုက်နေတယ်”ဟု ပြောသည်။
Source-BBC Burmese