ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအတွင်းသို့ ယနေ့ သင်္ကြန်အကြပ်နေ့ (ဧပြီ ၁၅) မွန်းတည့်ချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချခြင်းနှင့် လက်နက်ကြီးများပါ ပစ်ခတ်မှုကြောင့် ကျေးရွာသား ၇ ဦး ထိမှန်သေဆုံးခဲ့ပြီး ၂၅ ဦးထက်မနည်းကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအလယ်ရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသို့ဗုံးများကြဲချခံရခြင်းကြောင့် သံဃာတော် ၁၀ ပါး၊ အရပ်သား ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန်ဒဏ်ရာရသူများကို မော်လမြိုင်မြို့သို့ မော်တော်ယာဥ်များဖြင့် ပို့ဆောင်လိုက်ကြောင်း၊ ဒဏ်ရာမပြင်းထန်သူများအား ကျေးရွာတွင် ကုသမှုခံယူနေကြောင်း သိရသည်။
“တိုက်ပွဲလုံးဝမရှိပါဘူး။ တော်လှန်ရေးတပ်တွေ ရှိတဲ့နေရာကို မဟုတ်ဘဲ၊ ကျေးရွာသားတွေနဲ့ ဘာသာရေးအဆောက်အအုံအနီးကို ဦးတည်ဗုံးကြဲတာပါ။ အရပ်သားတွေချည်းပဲ ထိခိုက်ခံရတယ်” ဟု ကျေးရွာမှ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောသည်။
ထို့ပြင် KNU၊ PDF နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် ကျေးရွာဘက်သို့ စုရုံးရောက်ရှိနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
သင်္ကြန်အကျနေ့ (ဧပြီ ၁၄) ညနေပိုင်းမှစတင်၍ ယနေ့အထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် လမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီဘက်မှ အာရှလမ်းမကြီးကို ထိန်းချုပ်ရန် အင်အားစုစည်းထားပြီး ယခုတိုက်ပွဲသည် လမ်းကြောင်းရှင်းလင်းရေး စစ်ဆင်မှု ဖြစ်နိုင်ကြောင်း သိရသည်။
Photo- CJ