ရေးမြို့နယ်၊ ကော့ဒွတ်ကျေးရွာနှင့် ကျိုက်မင်ဝကမ်းခြေသို့ ဆက်သွယ်ထားသော လမ်းတွင် ဧပြီ ၁၁ ရက် မွန်းတည့် ၁၂:၀၀ နာရီခန့်က ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်မတော်တဆမှုကြောင့် အသက် ၂၀ ဝန်းကျင် ညီအစ်မနှစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်နောက်ကွယ်တွင် ရွှေဆွဲကြိုးလုယက်မှု၊ ရည်ရွယ်ချက်ဖြင့် မတော်တဆဖြစ်အောင် ဖန်တီးခြင်း စသည့် သံသယဖြစ်ဖွယ်အချက်များ ပေါ်ထွက်လာကာ ကျေးရွာသားများက လူသတ်မှုအထိ စောဒကတက်လျက်ရှိပြီး စုံစမ်းစစ်ဆေးမှုများ အလျင်အမြန်လိုအပ်နေကြောင်း သိရသည်။
၄င်းညီအစ်မနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်အား အခြားဆိုင်ကယ်တစ်စီးမှ လူငယ်တစ်ဦးက (ဆိုင်ကယ်တစ်စီးထက်မက လူငယ်များ) ရွှေဆွဲကြိုးအား အတင်းဆွဲယူပြီး ထွက်ပြေးခဲ့ခြင်းကြောင့်ဆိုင်ကယ်မှောက်ကာ သေဆုံးခဲ့ရသည်ဟု ဖြစ်စဉ်ကို မျက်မြင် သက်သေများက ပြောဆိုသည်။
သေဆုံးသူများမှာ ဂျပန်နိုင်ငံသို့ အလုပ်သွားရန် ပြင်ဆင်နေသည့် အစ်မဖြစ်သူနှင့် ညီမဖြစ်သူတို့ ဖြစ်ပြီး သမီး ၂ ဦးသာ ထွန်းကားခဲ့သည့် မိဘများအတွက် ကြီးမားသော ဆုံးရှုံးမှုအဖြစ် ကျေးရွာသားများ ဝမ်းနည်းကြေကွဲလျက်ရှိကြသည်။
ဖြစ်စဉ်ဖြစ်ပွားစဉ် လူငယ်တစ်ဦးက ရည်းစားဟန်ဆောင်ပြီး ချဉ်းကပ်ကာ ရွှေဆွဲကြိုးအား အတင်းလုယူနေစဥ် အစ်မဖြစ်သူက ဆိုင်ကယ်အား အရှိန်မြှင့်မောင်းထွက်ပြေးရာမှ မထိန်းနိုင်ဘဲ မှောက်ခဲ့ရသည်ဟု သက်သေများက ပြောကြားသည်။
ဖြစ်စဉ်ကို အနီးအနားမှ လူများက မြင်တွေ့ခဲ့သော်လည်း “နှုတ်ပိတ်ခံရမှာ ကြောက်လို့” သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ ဖုံးကွယ်ထားခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်ဖြစ်ပွားရာဒေသသည် စစ်ကောင်စီ၏ မာရှယ်လောဥပဒေအောက် ရှိပြီး တရားစွဲဆိုမှုများ မရှိသလို ပြည်သူလူထုအပေါ် လုံခြုံရေးရှုထောင့်အရ အကာအကွယ်ပေးရေးအတွက် ဒေသအခြေစိုက် လမိုင်းရဲတပ်ဖွဲ့နှင့် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း တုံ့ပြန်မှု အလွန်အားနည်းနေသေးသည်။
ဤဖြစ်စဉ်သည် ရိုးရိုးမတော်တဆမှုထက် ရာဇဝတ်မှုဇာတ်လမ်းဆန်နေပြီး ကော့ဒွတ်ကျေးရွာအနီးတွင် လုံခြုံရေးအရှုပ်တော်ပုံများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
Photo- Facebook