မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၅၉၁) ခြေမြန်တပ်ရင်းမှ ထွက်ပြေးလာသည့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) သင်တန်းဆင်း တပ်သားတစ်ဦးအား ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူမှာ အသက် (၁၉) နှစ်အရွယ် စစ်ကောင်စီတပ်သား ကျော်ဇင်ဖြိုး (ဇာတိ-စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်) ဖြစ်ပြီး ဧပြီ ၉ ရက် နံနက် ၆ နာရီခန့်က ကျောင်းရွာကျေးရွာအနီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုတပ်သားသည် ရန်ကုန်တွင် အလုပ်လုပ်နေစဉ် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း စုဆောင်းမှုခံခဲ့ရပြီး ဖောင်ကြီး (မင်းတုန်း) စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ပြီးနောက် ရေးမြို့နယ်ရှိ အမှတ် (၅၉၁) တပ်ရင်းသို့ ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
ရေးဘီလူးအဖွဲ့၏ ပြောကြားချက်အရ ဖမ်းဆီးရမိသူသည် စစ်ယူနီဖောင်းတစ်စုံသာပါပြီး လက်နက်ခဲယမ်းများ မပါရှိသလို တော်လှန်ရေးအဖွဲ့များနှင့် ချိတ်ဆက်မှုလည်း မရှိဟု ယူဆရသဖြင့် လက်ရှိတွင် ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။
အဆိုပါရေးဘီလူးအဖွဲ့သည် ယခင်လကလည်း စစ်ကောင်စီတပ် (၆) ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ခိုလှုံလာရောက်စဉ် လက်ခံခဲ့ဖူးသည်။
*ရင်းမြစ် – ရေးဘီလူးအဖွဲ့