စစ်ကိုင်းနှင့် ချင်းပြည်နယ်အတွင်း ဧပြီ ၉ ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ၃၈ ဦး သေဆုံး၊ ၃၃ ဦး ဒဏ်ရာရခဲ့သည်။
သေဆုံးသူများတွင် ကလေးများ၊ သက်ကြီးရွယ်အို၊ ဓမ္မဆရာနှင့် မသန်စွမ်းသူများ ပါဝင်ပြီး စစ်ကောင်စီ၏ ယာယီအပစ်အခတ်ရပ်စဲရေး (ဧပြီ ၂၂ အထိ) ကြေညာချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
ဖြစ်စဥ်များမှာ ဝန်းသိုမြို့နယ် နမ်းခမ်းရွာတွင် ဧပြီ ၉ ရက် ညနေပိုင်း၌ ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရသူ ၂၃ ဦးရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည် ။
အလားတူ မင်းတပ်မြို့နယ် အမှတ်(၄) တိုက်နယ်သို့ ထိုည ၈ နာရီဝန်းကျင်၌ ဗုံးကြဲခဲ့ပြီး လသားကလေးအပါအဝင် အရပ်သား ၆ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ။ နို့တိုက်မိခင်တစ်ဦး၏ လက်နှစ်ဖက် ကျိုးပဲ့ခဲ့ပြီး နေအိမ် ၁၀ အိမ်ကျော် ပျက်စီးခဲ့သည် ။
ထို့ပြင် တီးတိန်မြို့နယ် ဆိုင်းဇန်ရွာတွင် ထိုညသန်းခေါင်၌ တိုက်ခိုက်မှုကြောင့် မိသားစုတစ်ခုလုံးနီးပါး သေဆုံးခဲ့ပြီး ကလေး ၄ ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။
၄င်းဖြစ်ရပ်များအပေါ် NUG မှ စစ်ကောင်စီအား “အပစ်အခတ်ရပ်စဲရေးကို ဟန်ပြလုပ်ဆောင်ခြင်း” ဟု ဝေဖန်ကာ နိုင်ငံတကာမှ ထောက်ပံ့မှုရပ်တန့်ရန် တိုက်တွန်းခဲ့သည် ။
ငလျင်လှုပ်ခဲ့သော မတ်လ ၂၈ ရက်မှစ၍ စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှု ၉၂ ကြိမ်တွင် အရပ်သား ၇၂ ဦး သေဆုံးခဲ့သည်ဟု NUG က ဖော်ပြခဲ့သည် ။
ဤဗုံးကြဲဖြစ်စဉ်များသည် စစ်ကောင်စီ၏ ကြေညာထားသော အပစ်အခတ်ရပ်စဲရေးနှင့် ဆန့်ကျင်ဘက် အခြေအနေတစ်ရပ်ဖြစ်ပြီး ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုအဖြစ် NUG နှင့် နိုင်ငံတကာအသိုင်းအဝိုင်းက သတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့မှလည်း အပစ်အခတ်ရပ်စဲရေးနှင့် အရပ်သားများအား ပစ်မှတ်ထားမှု ရပ်တန့်ရန် ယမန်နေ့က တောင်းဆိုခဲ့သည် ။
ဓါတ်ပုံ- Facebook