မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလ ၈ ရက် ညနေ ၇ နာရီခန့်က ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်နေထိုင်သူ ဆံပင်ညှပ်နှင့် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ အရပ်ခေါ် “အပဲ” ၏ နေအိမ်သို့ သေနတ်သမား ၂ ဦး ဆိုင်ကယ်စီးလာကာ သေနတ်ဖြင့် ၅ ချက်ခန့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ အပဲမှာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဒေသခံများက အပဲသည် အလှပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူဖြစ်သည့်အပြင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူဟုလည်း သိကြသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယခုဖြစ်စဉ်မတိုင်မီ ဧပြီ ၄ ရက်တွင်လည်း ကမာဝက်မြို့အနီးရှိ လယ်ကွင်းတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ထိုသူသည်လည်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူဟု သတင်းထွက်နေသူဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
သို့သော် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ကို အတိအကျ မသိရသေးပေ။