စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ ထွက်ပြေးသွားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှင်ဖမ်းဆီးရရှိထားသည်။
ဗိုလ်မှူးချုပ်အောင်သက်ဦးအား ဧပြီ ၈ ရက်က အင်းတော်မြို့အနီး လမ်းခရီးတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လတ်တလော အခြေအနေအသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် မသင့်သေးဟု တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။
“ဖမ်းမိတာ အတည်ပြုပါတယ်။ တပ်မ ၇၇ တပ်မမှူးဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်” ဟု ၎င်းသတင်းရင်းမြစ်က ဆိုသည်။
ဗိုလ်မှူးချုပ်အောင်သက်ဦးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်ပြီး တပ်မ ၇၇ တပ်မမှူးမဖြစ်မီက ကော့သောင်းတပ်နယ်၏ စစ်ဗျူဟာမှူးအဖြစ် ဗိုလ်မှူးကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
“တပ်မ ၇၇ တပ်မမှူးချုပ်မှာ ဗိုလ်မှူးချုပ်အောင်သက်ဦး မှန်ပါတယ်။ အင်းတော်နှင့် ကသာကြားမှာ ဖမ်းမိခဲ့တာဆိုလျှင် ဖြစ်နိုင်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ဧပြီ ၇ ရက် ညပိုင်းက အင်းတော်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ဂျပန်လှိုဏ်ဂူစခန်းကုန်းမှ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး ထွက်ပြေးသွားပြီးနောက် အင်းတော်မြို့နယ်တစ်ခုလုံးကို NUG-MOD တပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၏ စီမံချက်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို ၈ လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အင်းတော်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Howitzer လက်နက်ကြီး ၂ လက်၊ ၁၂၀ မမ မော်တာလက်နက် ၂ လက်အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းပိုက်ရရှိခဲ့သည်။
အင်းတော်မြို့သိမ်းစစ်ဆင်ရေးတွင် NUG-MOD ၏ အမှတ် ၁ စစ်ဒေသကွပ်ကဲမှုအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင်အမှတ် (၁) မှ (၄) အထိ တပ်ရင်းများ၊ အထူးလှုပ်ရှားတပ်ဖွဲ့များ၊ KIA တပ်မဟာ ၉ ၏ အထူးစစ်ကြောင်း၊ ABSDF၊ Drone တပ်ဖွဲ့များ အပါအဝင် တပ်ဖွဲ့ပေါင်းစုံက ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်။

ဓာတ်ပုံ- ကော့သောင်းတပ်နယ် စစ်ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးချုပ်အောင်သက်ဦး