မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇.၇ မျှအားရှိ ငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ် ၁၀၃ ကြိမ်ကြောင့် သေဆုံးသူအရေအတွက် ၃,၆၄၅ ဦးအထိ မြင့်တက်လာပြီး ဒဏ်ရာရသူ ၅,၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၄၈ ဦးရှိကြောင်း သိရသည်။
အဆိုးရွားဆုံးထိခိုက်ခဲ့သည့် မန္တလေးမြို့တွင် Sky Villa ကွန်ဒိုအဆောက်အဦပြိုကျမှုအောက်မှ လူအလောင်း ၂၀၀ ခန့် ပိတ်မိနေသေးကြောင်း တရုတ်နည်းပညာဖြင့် စစ်ဆေးတွေ့ရှိခဲ့သည်။ ငလျင်မလှုပ်မီက ထိုကွန်ဒိုတွင် နေထိုင်သူ ၄၀၀ ခန့်ရှိသော်လည်း ငလျင်လှုပ်ချိန်၌ အတိအကျရှိနေသူအရေအတွက်ကို မသိရသေးပေ။
ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူစာရင်း ထပ်မံတိုးလာနိုင်ကြောင်း မန္တလေးကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
ဤငလျင်သည် မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် ၁၂:၅၁:၀၂ တွင် စတင်လှုပ်ခတ်ခဲ့ကာ ဧပြီ ၈ ရက် ၁၂:၅၈ ထိ နောက်ဆက်တွဲငလျင်ငယ် ၁၀၃ ကြိမ် ဆက်တိုက်လှုပ်ခတ်ခဲ့သည်။



