မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက် ကမ်းနားလမ်းရှိ အသစ်တည်ဆေက်လျက်ရှိသည့် မြစ်ကမ်းသာ အပန်းဖြေနေရာတွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော မြေငလျင်ကြောင့် လူအများအပြား သေဆုံးပြီး အဆောက်အဦများ ပျက်စီးမှုများရှိခဲ့သည်နှင့်အညီ မော်လမြိုင်မြို့တွင် ယခုနှစ် မဟာသင်္ကြန်ကို ရိုးရာဓလေ့အရှိဆုံးဖြင့် အေးချမ်းစွာ ကျင်းပသွားမည်ဟု ဆိုသည်။
ကမ်းနားလမ်းရှိ အသစ်တည်ဆောက်လျက်ရှိသည့် မြစ်ကမ်းသာ အပန်းဖြေနေရာတွင် “လမ်းလျှောက်သင်္ကြန်” ပုံစံဖြင့် ရေကစားမဏ္ဍပ်ကို စီစဉ်ထားပြီး၊ ဗဟိုမဏ္ဍပ်အစား ရိုးရာလှုပ်ရှားမှုများကို အဓိကထားမည်ဟု ပြည်နယ်အစိုးရနှင့် နီးစပ်သူများက ပြောကြားသည်။
မော်လမြိုင်မြို့ခံတစ်ဦးက “ငလျင်ဒဏ်ခံစားရတဲ့အတွက် ပျော်ပွဲရွှင်ပွဲတွေ မလုပ်ချင်ပါဘူး။ ကုသိုလ်ဖြစ် စတုဒီသာလှူပြီး ကူညီဖို့ပဲ စိတ်ဝင်စားကြတယ်” ဟု ရှင်းပြသည်။
ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ဖျော်ဖြေရေးနှင့် စည်ကားသော ရေကစားမဏ္ဍပ်များအစား စတုဒီသာလှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုများအား ဂါရဝပြုခြင်း၊ ငါးလွှတ်ခြင်းစသည့် ရိုးရာဓလေ့များကို ဦးစားပေးကျင်းပမည်ဖြစ်သည်။
ထို့ပြင် ငလျင်ဒဏ်သင့် ဒေသများသို့ အလှူငွေနှင့် လိုအပ်သော ပစ္စည်းများ ထောက်ပံ့ရန် လူမှုအဖွဲ့အစည်းများက စီစဉ်လျက်ရှိသည်။