အင်အားပြင်းစစ်ကိုင်းငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်နှင့် ပျဉ်းမနားအနီးတဝိုက်တွင် တောင်နှင့်မြောက် ကိုးမိုင်ထိရှည်လျားသော မြေလွှာအက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်ဟု ဘူမိဗေဒဆိုင်ရာ အကြံပေးအဖွဲ့ GeoMap-Myanmar က ထုတ်ပြန်ထားသည်။
နေပြည်တော်နှင့် ပျဉ်းမနားတွင် မြေပြင်တိုင်းတာစစ်ဆေးမှု (Ground survey) အရ ငလျင်ကြောင့် အထပ်မြင့် အဆောက်အဦများ အကြီးအကျယ်ပျက်စီးခဲ့သည်ဟု ယခင်က ထုတ်ပြန်ခဲ့သော GeoMap-Myanmar အဖွဲ့၏ တိုင်းတာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကိုင်းပြတ်ရွေ့ကြောအနီးရှိကျေးရွာများမှ သာမန်သစ်သားအိမ်များနှင့် တစ်ထပ်တိုက် လူနေအိမ်များမှာ အများအပြား ထိခိုက်ခြင်းမရှိဘဲ ဘုရားစေတီပုထိုးအချို့သာ ပြိုကျပျက်စီးခဲ့သည်ဟု ဆိုသည်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က “ကယ်ဆယ်ရေးအဖွဲ့များ၊ ဖြိုဖျက်ရှင်းလင်းရေးလုပ်ငန်းလုပ်နေကြသူများအားလုံးက မိုးများလာသည့်အခါ မြေကျွံနိုင်သောကြောင့် အဆောက်အဦပြိုကျပြီး အန္တရာယ်ဖြစ်လာနိုင်မှုကို မပြတ်သတိထားကြပါလို့ အသိပေးလိုပါတယ်” ဟု ပြောကြားခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့ကြောတလျှောက် ပြတ်ရွေ့ကြောရွေ့လျားမှုကြောင့် နှစ်ပေမှ အများဆုံး ၁၅ ပေထိ မြေသားအံလွဲမှုဖြစ်ခဲ့ပြီး လတ်တလော မြေပုံရေးဆွဲရသလောက် မြေလွှာအက်ကွဲကြောင်းများမှာ တောင်နှင့်မြောက် ကိုးမိုင်အထိ ရှည်လျားသည်ဟု အသိပေးထားသည်။
“ကျွန်တော်တို့ရွာမှာ အရင်ကတူးထားတဲ့ရေတွင်းရေက မထွက်တော့လို့ ပြန်မှုတ်ထုတ်ရမယ်” ဟု ပြင်ဦးလွင်အနီးရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်လ ၂၈ ရက်က စစ်ကိုင်းနှင့် မန္တလေးတို့တွင် ရစ်ချ်တာစကေး ၇.၇ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့ပြီး နေပြည်တော် အပါအဝင် အလယ်ပိုင်းဒေသများတွင် ပျက်စီးမှုများခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ်များ ရာနှင့်ချီ ဆက်လက်လှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူနေအိမ် ၅၀,၀၀၀ နီးပါး၊ ဘုန်းတော်ကြီးနှင့် သီလရှင်ကျောင်း ၃,၀၀၀ ကျော်၊ စာသင်ကျောင်း ၂,၀၀၀ ကျော်၊ ရုံး ၂,၁၀၀ ကျော်၊ တံတား ၁၄၈ စင်း၊ ဘုရားစေတီ ၅,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။
Sourse; Mawkun Magazine
ဓာတ်ပုံ – GeoMap-Myanmar