ချင်းပြည်နယ်ရှိ ဖလမ်းမြို့နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းစစ်မြေပြင်သတင်းရင်းမြစ်များက ဖော်ပြသည်။
ဖလမ်းမြို့ကို ချင်းညီနောင်တပ်ဖွဲ့က ၂၀၂၄ နိုဝင်ဘာ ၉ ရက်မှစတင် တိုက်ခိုက်ခဲ့ပြီး ငါးလကြာမြင့်ပြီးနောက် စစ်ကောင်စီ၏ ခလရ-၂၆၈ တပ်စခန်းအပါအဝင် မြို့ကို ယမန်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
ဖလမ်းမြို့ခံလူဦးရေ ၁၀,၀၀၀ ကျော်သည် တိုက်ပွဲစတင်ချိန်မှစ၍ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပြအနေအထားကို ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ချင်းညီနောင်တပ်ဖွဲ့က ပြောကြားခဲ့သည်။
ချင်းပြည်နယ်တွင် မြို့နယ် ၉ ခုအနက် ၆ ခုကို တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များကို စစ်ကောင်စီက ဆက်လက်စိုးမိုးထားသည်။
ယမန်နေ့ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် KIA, ABSDF,PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်သား ၄၀ ခန့်ကို သုံ့ပန်းဖမ်းမိခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးနှစ်လက်အပါအဝင် လက်နက်များရရှိခဲ့ကြောင်း သိရသည်။ မြို့သိမ်းတိုက်ပွဲသည် ၂၀၂၄ ဩဂုတ်လ ၁၆ ရက်မှစတင်ကာ လှည့်ပတ်တိုက်ခိုက်မှုများဖြင့် လွှဲပြောင်းသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတဝှမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များက မြို့ပေါင်း ၉၅ မြို့ထိန်းချုပ်ထားသည်ဟု သိရသည်။
လက်ရှိအချိန်တွင် ငလျင်ဘေးဒုက္ခသည်များအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် NUG၊ KIO နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (AA၊ MNDAA၊ TNLA) တို့က အပစ်ရပ်ထားသော်လည်း ပဋိပက္ခဇုံများတွင် သဘောတူညီချက်များ လက်တွေ့အကောင်အထည်မပေါ်ဘဲ ပျက်ပြားနေကြောင်း စောင့်ကြည့်သူများက ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။