မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် မွန်ပြည်သစ်ပါတီ (NMSP) ဦးဆောင်၍ မွန်အမျိုးသားကွန်ဖရင့် (၂၀၂၅) ၏ တတိယနေ့ကို ယနေ့ ဆက်လက်ကျင်းပလျက်ရှိပြီး မနက်ဖြန်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဖိတ်ကြားလွှာတွင် ဖော်ပြထားသည်။
ဧပြီ (၂) ရက် ပထမနေ့တွင် ကိုယ်စားလှယ် ၂၄၆ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးအစီအစဉ် (၁၃) ခု ပါဝင်ခဲ့သည်။ ယင်းတွင် မွန်အမျိုးသားကွန်ဖရင့် (၂၀၂၅) ကျင်းပရေးကော်မတီ၏ ညီလာခံလမ်းညွှန်၊ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် မွန်အမျိုးသားကွန်ဖရင့်၏ ဆုံးဖြတ်ချက်များ ပြန်လည်ဖတ်ကြားခြင်း နှင့် ရာမညမွန်ပြည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြမ်းကို အစုအဖွဲ့များအလိုက် တင်ပြဆွေးနွေးသုံးသပ်ခဲ့ကြောင်း သိရသည်။
အမည်မဖော်လိုသော ကိုယ်စားလှယ်တစ်ဦးက “ကျနော်တို့အစုအဖွဲ့မှာ သုံးသပ်ချက်တစ်ခု တင်ပြခဲ့ပါတယ်။ အမျိုးသားနိုင်ငံတော်သစ် တည်ဆောက်ရာမှာ လက်နက်နည်းဖြင့် အင်အားသုံးတိုက်ခိုက်ယူသည့်နည်းလမ်းထက် နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်းရယူသည့် အကြမ်းမဖက်လှုပ်ရှားမှုနည်းဗျူဟာက လူ့အသိုက်အဝန်း ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် ပိုအကျိုးပြုပါတယ်” ဟု ဆိုသည်။
ဧပြီ (၃) ရက် ဒုတိယနေ့တွင် ကိုယ်စားလှယ် ၂၂၆ ဦး တက်ရောက်ခဲ့ပြီး အစီအစဉ် (၁၂) ခု ပါဝင်ခဲ့သည်။ ယင်းတွင် ရာမညမွန်ပြည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကြမ်းကို အကျယ်တဝင့် ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူများကိုလည်း အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည်။
ယနေ့ တတိယနေ့တွင် ကိုယ်စားလှယ် ၂၁၅ ဦး တက်ရောက်ခဲ့ပြီး အစီအစဉ် (၁၂) ခု ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုများတွင် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူများ၊ မွန်အမျိုးသားရေးရာအဖွဲ့ ဖွဲ့စည်းပုံရေးဆွဲရေး၊ မွန်လူငယ်မူဝါဒနှင့် မူးယစ်ဆေးဝါးစစ်တမ်းတို့ ပါဝင်ခဲ့သည်။
မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ဓါတုမာလာ မွန်ပရိယတ္တိစာသင်တိုက်၌ ကျင်းပလျက်ရှိသော ဤညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီ၊ ပညာရှင်များ၊ မွန်လူမှုအဖွဲ့အစည်းများ ကွန်ရက် Mon CSOs Network အပါအဝင် စသည့်အစုအဖွဲ့ (၆) ဖွဲ့မှ ကိုယ်စားလှယ် ၂၅၅ ဦး တက်ရောက်ရန် ဖိတ်ကြားခဲ့သည်။
Photo- မွန်ပြည်သစ်သတင်းစဥ်