၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်မှ ၅ ရက်နေ့အထိ မော်လမြိုင်မြို့ရှိ ဓါတုမာလာမွန်ပရိယတ္တိစာသင်တိုက် ဓမ္မာရုံတွင် ကျင်းပသော မွန်အမျိုးသားကွန်ဖရင့် (၂၀၂၅) က မွန်အမျိုးသားရေးလုပ်ငန်းများတွင် ပါဝင်သည့် အင်အားစုများ စုစည်းညီညွတ်စွာ လုပ်ဆောင်နိုင်ရန် “အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့”ဖွဲ့စည်းရန် ညီလာခံနောက်ဆုံးနေ့က သဘောတူဆုံးဖြတ်ခဲ့ကြောင်း အတည်ပြုကြေညာလိုက်သည်။
ကွန်ဖရင့်သို့ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်သံဃာအဖွဲ့အစည်းများ၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးမှ ကိုယ်စားလှယ်များ၊ ပြည်ပနိုင်ငံများမှ လေ့လာသူများနှင့် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ အပါအဝင် စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့သည်။
ဤ အမျိုးသားအဆင့်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် မွန်အမျိုးသားရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် နိုင်ငံရေးပါတီများ၊ သံဃာ့အဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများအကြား ညှိနှိုင်းမှုများ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ရာမညမွန်ပြည်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထားသည့် မူဝါဒများ အကောင်အထည်ဖော်ရန် ရည်ရွယ်သည်။
ထို့ပြင် မွန်လူငယ်များ၏ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးရေးအတွက် “မွန်လူငယ်ရေးရာမူဝါဒ” နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အားကောင်းစေရန် “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒ (မွန်)”တို့ကို အတည်ပြုခဲ့သည်။
ထိုနောက် ၂၀၂၅ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် ငလျင်ဒဏ်ခံရသူများအား ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် မွန်အမျိုးသားများ စုပေါင်းပါဝင်ကူညီမည်ဟု ကတိပြုခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူများ၊ ရာမညမွန်ပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ဒေသတွင်း စည်းလုံးညီညွတ်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးချက်များကို စနစ်တကျ မှတ်တမ်းတင်ခဲ့၍ ဧပြီလ (၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။