မန္တလေး၊ နေပြည်တော်နှင့် ငလျင်ဒဏ်ပြင်းထန်စွာခံစားခဲ့ရသည့် ဒေသများတွင် အုပ်စုလိုက်လုယက်မှုနှင့် ပစ္စည်းခိုးယူခံရသည့် ဖြစ်ရပ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး လုံခြုံရေးအခြေအနေ ဆိုးရွားစွာယိုယွင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ငလျင်ဒဏ်ကြောင့် အိမ်ယာစွန့်ခွာထွက်ပြေးရသူများနှင့် လမ်းဘေးတဲများတွင် ယာယီနေထိုင်နေရသည့် ပြည်သူများအား လူစုဖွဲ့၍ လုယက်မှုများ ပိုမိုမြင့်တက်လာသည်။
အထူးသဖြင့် ပြိုလဲပျက်စီးနေသော အဆောက်အအုံများမှ ပစ္စည်းများကို ကားများဖြင့်တစ်စုတစ်စည်းတည်း သယ်ယူမှုများ ရှိနေကြောင်း ဒေသခံတစ်ဦးက ဖွင့်ဟပြောဆိုသည်။
“နေပြည်တော်မှာ အရမ်းဆိုးနေပါတယ်။ အုပ်စုလိုက် လုယက်နေတာပါ။ လူ ၂၀ လောက်ပါတယ်။ ကားတွေနဲ့ထိုးရပ်ပြီး သယ်နေကြတာ… သူတို့ဆီမှာ လက်နက်တွေပါတယ်။ လုံခြုံမှုမရှိတော့ဘူး”ဟု ဆိုသည်။
ထို့အပြင် ငွေလမင်းနှင့် ခေတ်သစ်ဖုန်းဆိုင်များ ပြိုကျပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများအစား ဖုန်းပစ္စည်းများကို ခိုးယူသွားသည့် အဖွဲ့များလည်း ရှိနေကြောင်း သတင်းရသည်။
မန္တလေးတွင်လည်း 63 Condo အပါအဝင် ပြိုလဲပျက်စီးနေသော အဆောက်အအုံများသို့ အုပ်စုဖွဲ့ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို စနစ်တကျခိုးယူမှုများ ရှိနေသည်။ ဒေသခံတစ်ဦးက ၎င်း၏အိမ်တွင်း ပစ္စည်းများ အကုန်လုံးနီးပါးဆုံးရှုံးရပုံကို ရှင်းပြသည်။
၄င်းက “ကျွန်မအခန်းထဲက ယူလို့လွယ်တာတွေ အကုန်ဝင်ခိုးခံရတယ်… သူခိုးတွေက နေ့ခင်းဘက် ပစ္စည်းသယ်ပေးသူတွေနဲ့ ဆက်စပ်နေနိုင်တယ်” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်များနှင့်အတူ ဘူးခွံ၊ ပလုံးကောက်သူများကပါ အုပ်စုဖွဲ့ကာ ပစ္စည်းများကို စနစ်ကျစွာခိုးယူနေမှုများကြောင့် ဒုက္ခရောက်နေရသည်ဟု ငလျင်ဒဏ်သင့်ပြည်သူများက ဝေဖန်သည်။
ပျက်စီးနေသောအိမ်များအနီးတွင် ညဘက်စောင့်ကြပ်နေရသည်အထိ လုံခြုံရေးအခြေအနေ ဆိုးရွားနေပြီး ဒေသခံများက အာဏာပိုင်များအား အရေးယူပေးရန် တိုက်တွန်းနေကြသည်။
မန္တလေးမြို့ခံတစ်ဦးက “ဒီအုပ်စုတွေက ပြိုတဲ့အိမ်တွေထဲကို ဝင်ချင်တိုင်းဝင်… တရားမဲ့လွန်လာပြီ။ သက်ဆိုင်ရာက ဖြေရှင်းပေးသင့်တယ်” ဟု ဆိုသည်။
သို့သော် လက်ရှိအချိန်အထိ သက်ဆိုင်ရာက ထိရောက်သော လုံခြုံရေးအစီအမံများ မတွေ့ရှိရသေးပေ။
ငလျင်ကြောင့် ဒုက္ခရောက်နေရသည့် ပြည်သူများသည် သဘာဝဘေးနှင့်အတူ လူသားအချင်းချင်း ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို နှစ်ထပ်ဒဏ် ခံစားနေရသည်။