မြန်မာနိုင်ငံမှ ရီချက်တာ ၇.၇ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံအလယ်ပိုင်းနှင့် ဘန်ကောက်မြို့တို့တွင် လှုပ်ခတ်မှုကို ခံစားခဲ့ရသလို ကန်ချနပူရီပြည်နယ်တွင်လည်း အတော်အသင့်ပြင်းထန်သော လှုပ်ခတ်မှုကို ခံစားခဲ့ရသော်လည်း ထောင်ဖာဖွန်ရှိ Vajiralongkorn ဆည်အား ငလျင်ဒဏ် သက်ရောက်မှုမရှိဟု အာဏာပိုင်များမှ သိရသည်။
Vajiralongkorn ဆည်နှင့် ပတ်သက်၍လည်း ကနဦးစစ်ဆေးမှုများအရ ငလျင်ဒဏ်ကြောင့် ဆည်နှင့်ဆက်စပ်အဆောက်အအုံများ ပျက်စီးမှုမရှိကြောင်း အာဏာပိုင်များ အတည်ပြုခဲ့သည်။
ဆည်အား ရီချတာ ၇.၅ အထိ ခံနိုင်ရည်ရှိရန် ဒီဇိုင်းရေးဆွဲထားပြီး ယခုငလျင်ကြောင့် ဖြစ်ပေါ်ခဲ့သည့် အားသည် ဒီဇိုင်းခံနိုင်စွမ်းထက် အလွန်နည်းနေသေးကြောင်း သိရသည်။
စံခလပူရီမြို့ရှိ ကျေးရွာများတွင် လူများသည် ငလျင်လှုပ်ခတ်မှုကို ချက်ချင်းသတိပြုမိခဲ့ကြသော်လည်း ယခင်ကလည်း အလားတူငလျင်များ မကြာခဏကြုံတွေ့ဖူးသည့်အတွက် ဒေသခံများအနေဖြင့် အထူးအံ့အားသင့်ခြင်း မရှိကြောင်း သိရသည်။
ဒေသခံတစ်ဦးက “ငလျင်လှုပ်တာ ကားတိုက်မှုဖြစ်တယ်လို့ အရင်ထင်ခဲ့ပြီး နောက်ပိုင်းမှသာ ငလျင်ဖြစ်တာ သိရတာပါ၊ ငလျင်ဒဏ်ကြောင့် ခေါင်းမူးခဲ့ရတယ်” ဟု ပြောကြားခဲ့သည်။
စံခလပူရီဆေးရုံအုပ် ဒေါက်တာအပီရပ် အီဆူဝမ်က ဆေးရုံ၏ အခြေအနေနှင့်ပတ်သက်၍ “လူနာများအား ယာယီဘေးကင်းရာသို့ ရွှေ့ပြောင်းထားပြီး ဆေးရုံအပြင်ဘက်ရှိ မြက်ခင်းပြင်တွင် တဲများထောင်ကာ ယာယီထားရှိမည်။ အခြေအနေပုံမှန်ပြန်ဖြစ်မှသာ လူနာများကို ဆေးရုံအတွင်းသို့ ပြန်လည်ရွှေ့ပြောင်းမည်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အနည်းငယ်သော ဝေဒနာရှင်များကို အိမ်တွင် ဆက်လက်ကုသရန် လွှတ်ပေးထားပြီး အခြေအနေဆိုးရွားသည့် လူနာများကိုမူ ဆေးရုံတွင် ဆက်လက်ကုသမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာဆူရီယာဆက် မြူးအန်းက ကျေးရွာများ၊ ရုံးဌာနများနှင့် နေအိမ်များတွင် ပျက်စီးမှုရှိမရှိ စစ်ဆေးနေပြီး ယခုအချိန်ထိ ပျက်စီးမှုအစီရင်ခံချက် မရှိသေးကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ရဲနှင့် အာဏာပိုင်များက ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် ကြပ်မတ်စောင့်ကြည့်လျက်ရှိသည်။
Crd- CaoCao