Kawao News- မတ်(၃၁)
မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးနှင့် ပဲခူးတိုင်းဒေသများတွင် လူအသေအပျောက်၊ ပျောက်ဆုံးမှု၊ ဒါဏ်ရာရသူများ၊ အိမ်ခြေ၊ အဆောက်အအုံနှင့် လမ်းတံတားများ ပြိုကျပျက်စီးမှုများ ကြုံတွေ့နေရသည့်အတွက် KIO နှင့် ကချင်လူထုတစ်ရပ်လုံးအနေဖြင့် ဘေးသင့်ပြည်သူများနှင့်အတူ ကြေကွဲဝမ်းနည်းရကြောင်း KIO (ကချင်လွတ်လပ်ရေးအဖွဲ့) က ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မွန်းလွဲ ၁၂:၅၁ အချိန်က မန္တလေးမြို့ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ အကွာတွင် Richter Scale (၇.၇) အဆင့်ရှိ ပြင်းထန်သော မြေငလျင်လှုပ်ခတ်ခဲ့ပြီး ဆက်တိုက်ငလျင်ငယ်များ လှုပ်ရှားမှုကြောင့် ပြည်သူများ စိုးရိမ်တုန်လှုပ်ခဲ့ရကြောင်း KIO ထုတ်ပြန်ချက်က ဖော်ပြခဲ့သည်။
KIO အနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ တိုက်ရိုက်အကူညီပေးရန် အခက်အခဲရှိသော်လည်း နေ့ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် နိုင်ငံတကာအဖွဲ့များအား အထူးကျေးဇူးတင်ကြောင်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြေငလျင်ဘေးဒဏ်ခံစားရသူများ၊ ကျန်ရစ်သူမိသားစုများအား မြို့ရွာပြန်လည်တည်ဆောက်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ ပေးနိုင်ရန် KIO နှင့် ကချင်လူထုက တတ်နိုင်သမျှ ပံ့ပိုးကူညီသွားမည်ဟု ကတိပြုထားသည်။
