မော်လမြိုင်၊ မတ် ၃၁
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုများကြောင့် ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့သည့် မန္တလေးဒေသအား ပဲခူး၊ ကရင်နှင့် မွန်ပြည်နယ်မှ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့အခြေစိုက် Bo Bo Win Rescue အဖွဲ့မှ ကိုဘိုဘိုဝင်းက “ကျွန်တော်တို့အဖွဲ့ဟာ မတ်လ ၂၉ ရက်နေ့ညမှာ မန္တလေးကိုရောက်ရှိခဲ့ပြီး ၃၀ ရက်နေ့မနက်ကစပြီး ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က အဖွဲ့တွေနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။
“လတ်တလောမှာ လူသေအလောင်းတွေကို ခက်ခက်ခဲခဲ ဆွဲထုတ်နေရပါတယ်။ ငလျင်ဖြစ်ပြီး ၃ ရက်ကျော်လာတဲ့အတွက် အချို့အလောင်းတွေမှာ အနံ့ဆိုးတွေထွက်နေပါပြီ။ အဲဒီအလောင်းတွေကို ဆွဲထုတ်ရတဲ့အခါ အနံ့ဒဏ်ခံရပြီး အပြင်ထွက်လေရှူ၊ အထဲပြန်ဝင်ပြီး အလောင်းတွေအောက်မှာ ပိနေတဲ့ပစ္စည်းတွေကို ရှင်းထုတ်ရတာ အခက်အခဲတွေရှိပါတယ်” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ငလျင်ငယ်များ ထပ်မံလှုပ်ခတ်မှုကြောင့် အပျက်အစီးများကြားမှ ဘေးလွတ်ရာသို့ အခက်အခဲဖြင့် ထွက်ပြေးရသည့်အခြေအနေများလည်း ရှိခဲ့ကြောင်း သိရသည်။
“ငလျင်ဒဏ်ခံရတဲ့ပြည်သူတွေဟာ လက်ရှိမှာ မြို့တွင်းကျုံးပတ်လည်မှာ ယာယီတဲများနဲ့ နေထိုင်နေကြရပါတယ်။ မန္တလေးမြို့ပေါ်က အထပ်မြင့်အဆောက်အအုံတော်တော်များများ ပျက်စီးနေတာကြောင့် လူတွေဟာ အိမ်တွေပေါ်မနေရဲကြတော့ဘူး။ ပျက်စီးနေတဲ့အဆောက်အအုံတွေကို ဖယ်ရှားဖို့အတွက် စက်ယန္တရားကြီးတွေ အများအပြားလိုအပ်နေပါတယ်” ဟု ကိုဘိုဘိုဝင်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မန္တလေးငလျင်ဘေးအတွက် မွန်ပြည်နယ်မှ ကျိုက်ထိုလူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ သထုံမြို့မှ အကြင်နာတွဲလက်အဖွဲ့၊ မော်လမြိုင်မှ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အပါအဝင် အခြားအဖွဲ့များလည်း ကူညီဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များမှ ကယ်ဆယ်ရေးအဖွဲ့များသည်လည်း နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်ရှိ ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း အဖွဲ့များထံမှ သိရသည်။
မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၅၁မိနစ် ၀၂စက္ကန့်တွင် မန္တလေးငလျင်စခန်း၏ အရှေ့မြောက်ဘက် ၂၁ကီလိုမီတာအကွာတွင် ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အဆိုပါငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့မြောက်နှင့် ပဲခူးတိုင်းတို့တွင် သဘာဝဘေးအရေးပေါ်အခြေအနေ ကြေညာထားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လတ်တလောတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါးနှင့် ယာယီနေရာထိုင်ခင်းများ အပါအဝင် အခြားလိုအပ်ချက်များ ရှိနေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
