“ကဲ ကဲ… ပရိသတ်အပေါင်းတို့ရေ……ဒီနေ့ မတ် ၂၆ ရက်နေ့မှာ နေပြည်တော် MICC-2 မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ Peace Talk 2025 ဆိုတဲ့ ငြိမ်းချမ်းရေး “နတ်ပွဲ” ကြီး တစ်ဖြတ်ပြီးသွားပါပြီ။
သတင်းတွေမှာ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုတွေ၊ ပြုံးနေတဲ့မျက်နှာတွေနဲ့ ဖော်ပြထားပေမယ့်၊ ပြည်သူတွေက ဒီပွဲကို မျှော်လင့်ချက်မဲ့စွာနဲ့ပဲ “အင်း…နောက်ထပ်တစ်ခေါက်” လို့ ပြောရင်း ဖုန်းထဲက ဓါတ်ပုံတွေ ဖြတ်ဖြတ်ကြည့်နေကြရတာပါ။
ဘာလို့လဲဆိုတော့ ဒီပွဲဟာ **”နှစ်တိုင်းလို လှည့်ပတ်နေတဲ့ ငြိမ်းချမ်းရေး သံသရာ”** ရဲ့ အစိတ်အပိုင်းတစ်ခုပဲလို့ သူတို့သိလာလို့ပါ။
ဒီတစ်ခါတော့ နာမည်ကို Peace Talk 2025 လို့ အသစ်လွှမ်းခြုံထားတယ်။ ဒါပေမယ့် လုပ်ဆောင်ချက်တွေကတော့ အရင်အခါတွေကနဲ့ ဘာမှမကွာဘူး။
Peace Talk နတ်ကွန်းထဲမှာ နတ်ကတော်တွေ ဝိုင်းပြီး “ယုံကြည်မှုတည်ဆောက်ကြမယ်” ဆိုတဲ့ သီချင်းဟောင်းကြီးကို ထပ်ခါထပ်ခါ ရွတ်ဆိုနေကြတာ။ တချို့နတ်ကတော်တွေက အသစ်ဖြစ်နေပေမယ့်၊ သီချင်းကတော့ အဟောင်းပဲ။
အရေးကြီးဆုံးက ဒီပွဲမှာ တကယ့်ပဋိပက္ခရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ အုပ်စုတွေ မပါဘူး။ (စကားချပ်- NLD ပါတီနဲ့ လက်အောက်ခံတွေ၊ ရှမ်းနိုင်ငံရေးသမားတွေ၊ KNU, AA တို့လို EROs တွေ) သူတို့မပါတဲ့ ငြိမ်းချမ်းရေးပွဲဆိုတာ မင်းသားမပါတဲ့ ဇာတ်ကားတစ်ကားလိုပဲ။ ဒါပေမယ့် ကျင်းပသူတွေကတော့ “အရေးကြီးတဲ့အဖွဲ့တွေ အားလုံးပါဝင်တယ်” လို့ ပြောနေကြတုန်းပဲ။
ပွဲအဆုံးမှာတော့ လှပပြီး အဓိပ္ပာယ်မရှိတဲ့ ကြေညာစာတမ်းတစ်စောင်ထွက်လာတယ်။ “ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးစားမယ်”၊ “ပဋိပက္ခတွေ လျှော့ချမယ်” စတဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ကြားနေရတဲ့ စကားလုံးတွေနဲ့ ပြည့်နေတဲ့ စာတမ်းပါ။
တကယ်တော့ ဒီပွဲတွေဟာ မြန်မာ့နိုင်ငံရေးရဲ့ အစဉ်အလာနတ်ပွဲကြီးတစ်ခု ဖြစ်နေပါပြီ။
-၁၉၉၀ မှာ နဝတ-နအဖ စစ်အစိုးရက “အမျိုးသားညီလာခံ” နဲ့ စခဲ့တယ်။
– ၂၀၁၀ မှာ ဦးသိန်းစိန်က “၂၁ ရာစုပင်လုံ” နဲ့ ဆက်ခဲ့တယ်။
– ၂၀၂၅ မှာ SAC စစ်အစိုးရက “Peace Talk” နဲ့ ထပ်မံဖြည့်တယ်။
အရင်ပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ “နတ်ခေါင်း”တွေ (ခေါင်းဆောင်ဟောင်းတွေ) သေသွားတော့၊ လူသစ်၊ မျိုးဆက်သစ်တွေက နတ်ကွန်းထဲဝင်ပြီး “ငြိမ်းချမ်းရေး” ဆိုတဲ့ သီချင်းဟောင်းကို ထပ်ဆိုတယ်။
တပ်မတော်နဲ့ တိုင်းရင်းသားတွေက “ပူးပေါင်းဆောင်ရွက်ရေး” ဆိုတဲ့အကကို ကပြတယ်။ တတ်ယောင်ကားပညာရှင် တချို့က “လက်ခုပ်တီးပြီး ဟန်ပြဝင်ရော” လုပ်တယ်။
“ယုံကြည်မှုတည်ဆောက်ကြမယ်”၊ “ဒီမိုကရေစီလမ်းကြောင်း”၊ “ဖက်ဒရယ်စနစ်” စတဲ့ နှစ်ပေါင်း ၇၀ ကျော်ကြာ ရွတ်ဆိုနေကျ စကားလုံးတွေကို အပ်ကြောင်းအခါခါ ထပ်နေပါပြီ။
Peace Talk 2025 ဟာ မြန်မာ့နိုင်ငံရေးသမိုင်းရဲ့ **”ထပ်ကာတလဲလဲ”** ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ နောက်နှစ်မှာ Peace Talk 2026၊ 2027… စသဖြင့် နာမည်ပြောင်းပြီး ဆက်လက်ကျင်းပဦးမှာပါ။ ပြည်သူတွေကတော့ ဒီဇာတ်လမ်းကို ကြည့်ရင်း မျှော်လင့်ချက်မဲ့နေဆဲပါ….
မွန်အဖိုးတစ်ယောက်က သူ့မြေးကို ရှင်းပြနေသလိုပါပဲ – “ချစ်မြေး… ငြိမ်းချမ်းရေးဆွေးနွေးဆိုတာ ရွာမှာတစ်နှစ်တစ်ခါ ကျင်းပနေကြ နတ်ပွဲတစ်ခုလိုပါ။ နာမည်ပြောင်းလိုက်၊ လူပြောင်းလိုက်နဲ့ လုပ်နေကြတာ။ ဒီပုပ်ထဲက ဒီပဲပါဘဲ၊ ဒါပေမယ့် အဆုံးမှာတော့ ဘာမှမပြောင်းဘူးကွာ။ နောက် ၃ လကျရင် Peace Talk ထပ်လုပ်ဦးမှာပဲ” တဲ့။
