စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမနှင့် ဒုတိယပတ်တို့တွင် ရွေးကောက်ပွဲကို ၄ ကြိမ်ခွဲ၍ ကျင်းပသွားမည်ဟု ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်က အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူပြီးစီးပြီဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ရွေးကောက်ပွဲဥပဒေအရ ဖြစ်နိုင်သမျှ တစ်ရက်တည်းနှင့် အများပြည်သူ ရုံးပိတ်ရက်တွင် ကျင်းပရန် ပြဋ္ဌာန်းထားသော်လည်း ရက်အကန့်အသတ် သတ်မှတ်ခြင်းမရှိဟု ၎င်းက ဆိုသည်။
အမည်မဖော်လိုသည့် ရွေးကောက်ပွဲစောင့်ကြည့်သူတစ်ဦးက “လွတ်လပ်ရေးစတင်ရရှိခဲ့တဲ့ ကာလအတွင်း နိုင်ငံတဝန်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ အင်းစိန်အထိ ၆ မိုင်မျှသာ အစိုးရအုပ်ချုပ်နိုင်ခဲ့တဲ့ အခြေအနေမှာ ၁၉၅၁-၅၂ ရွေးကောက်ပွဲကို ၁၀ လကြာ ကျင်းပခဲ့ရသလိုပေါ့” ဟု ရှင်းလင်းခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ပထမဆုံးကျင်းပသော ၁၉၅၁-၅၂ ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်က ၆၀% အနိုင်ရရှိခဲ့သော်လည်း မဲပေးခွင့်ရှိသူ ၈ သန်းအနက် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ၌ စုစုပေါင်းမဲပေးခဲ့သူ တစ်သန်းခွဲသာ ပါဝင်ခဲ့သည့်သမိုင်းကြောင်း ရှိခဲ့သည်။
စစ်ကောင်စီသည် ယခင်က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပရန် ကြေညာခဲ့သော်လည်း နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာမှုကြောင့် နိုင်ငံတော်အရေးပေါ်အခြေအနေကို ယနေ့ထိ ဆက်လက်တိုးမြှင့်ထားသည်။
အဆိုပါရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အောင်မြင်စွာ အပြီးသတ်ရန် လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လမ်းဖွင့်ပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များတွင် EVM (အီလက်ထရွန်းနစ်မဲပေးစနစ်) ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
လက်ရှိတွင် ရှမ်း၊ ကရင်၊ ချင်း၊ ရခိုင်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး လက်နက်ကိုင်အင်အားစုများက စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို “မပျက်မကွက် ဖျက်သိမ်းမည်” ဟု ခြိမ်းခြောက်ထားသည်။