လှိုင်သာယာမြို့နယ်တရားရုံးမှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား သရော်သည့်ဟန်ရှိသော ပို့စ်များတင်ခဲ့သည်ဟုဆိုကာ ငါးမင်းဆွေ(ခ) ဦးမင်းဆွေအား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) အရ အမှုဖွင့်တင်စစ်ဆေးခဲ့ရာ မတ် ၂၅ ရက်တွင် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာအရင်းအမြစ်များထံမှ သိရသည်။
ငါးမင်းဆွေအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က ကျိုက်ထိုမြို့ရှိ ရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် သူ၏လုပ်ရပ်များအတွက် ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ဖူးသည်။
ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် အမှုဖွင့်ထားသည့်အတွက် သူ့အား ရန်ကုန်သို့ပြောင်းရွှေ့ကာ အင်းစိန်ထောင်တွင် ထိန်းသိမ်းထားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ငါးမင်းဆွေသည် ယခင်က NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသူဖြစ်သည်။
သူသည် မွန်ပြည်နယ် ကျိုက္ခမီမြို့ဇာတိဖြစ်ပြီး ၁၉၈၈ ခုနှစ်မတိုင်မီက ရေးမြို့နယ် ပလိုင်ကီးရွာတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။ အချို့သတင်းများအရ ဒေသခံ မွန်ပြည်သစ်ပါတီ၏ လှုပ်ရှားမှုများကို စစ်တပ်ထံ သတင်းပို့ခဲ့သည်ဟုဆိုကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ဒေသမှ ထွက်ခွာခဲ့ရသည်ဟု သိရသည်။