တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့သော စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် မအောင်မြင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဆွေးနွေးပွဲအတွင်း MNDAA ဘက်က လားရှိုးမြို့အား ကိုးကန့်နယ်မြေအဖြစ် ခွဲအုပ်ချုပ်ခွင့် တောင်းဆိုခဲ့ရာ စစ်ကောင်စီဘက်က လားရှိုးမှ MNDAA တပ်များ ဆုတ်ခွာပေးရန် ပြန်လည်တောင်းဆိုခဲ့ခြင်းကြောင့် ဘက်နှစ်ဖွဲ့အကြား သဘောတူညီမှု မရရှိခဲ့ပေ။
ဤဆွေးနွေးပွဲမတိုင်မီက တရုတ်အစိုးရသည် စစ်ကောင်စီနှင့် MNDAA တို့အား သီးသန့်စီ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ရလဒ်မထွက်ပေါ်ခဲ့ချေ။
ဆွေးနွေးပွဲမအောင်မြင်မှုနှင့်အတူ လားရှိုးမြို့နေ ဒေသခံများသည် တိုက်ပွဲများ ပြန်လည်စတင်မည်ကို စိုးရိမ်နေကြသည်။
ဒေသခံတစ်ဦးက “တိုက်ပွဲပြန်ဖြစ်ရင် ပြည်သူတွေပဲ အဓိကထိခိုက်မယ်။ လေယာဉ်ဗုံးကြဲမှာကို အထူးကြောက်ရွံ့နေရပါတယ်” ဟု ပြောသည်။
သို့သော် လက်ရှိအချိန်တွင် လားရှိုးမြို့အတွင်း အေးချမ်းမှုရှိနေပြီး MNDAA တပ်ဖွဲ့ဝင်များသည် မြို့အတွင်း ပုံမှန်သွားလာနေဆဲဖြစ်ကာ၊ ဒေသခံများထံမှ မြေယာငှားရမ်း၍ စိုက်ပျိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်နေကြောင်း သိရသည်။
“ကိုးကန့်တပ်ဖွဲ့က လားရှိုးမှာ အခြေစိုက်ထားပြီးပြီ။ သူတို့ ဒီကနေလွယ်လွယ်နဲ့ ဆုတ်မှာမဟုတ်ဘူး”* ဟု ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။
ဆွေးနွေးပွဲမအောင်မြင်ဖြစ်ခဲ့သော်လည်း လာမည့် ဧပြီလအတွင်း စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဆက်လက်ဆွေးနွေးကြမည်ဟု သိရသည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် တရုတ်နိုင်ငံတွင် ၉ ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း တိကျသော သဘောတူညီမှုများ မထုတ်ပြန်နိုင်သေးပေ။
ယခုအခါ MNDAA နှင့် စစ်ကောင်စီတို့၏ ဆွေးနွေးပွဲပျက်ပြားမှုကြောင့် ရှမ်းမြောက်ဒေသ၏ အနာဂတ်မှာ မရေမရာဖြစ်နေပြီး ဒေသခံများအနေဖြင့် နောက်ထပ်ပဋိပက္ခများကို စိုးရွံ့စွာဖြင့် စောင့်ကြည့်နေကြရသည်။

