ရှမ်းပြည်မြောက်ပိုင်း၊ MNDAA အထူးဒေသ(၁) အောက်ရှိ လားရှိုးမြို့တွင် KTV၊ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေး ပြည့်တန်ဆာလုပ်ငန်းများလုပ်ကိုင်သူများအား ကျန်းမာရေးစစ်ဆေးကာ လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့်ပြုလျက်ရှိကြောင်း မြို့ပြန်လည်ထူထောင်ရေးအဖွဲ့မှ သိရသည်။
မတ် ၂၃ ရက်က အထူးဒေသ(၁) ကျန်းမာရေးဌာနက ဆေးစစ်ခဲ့ပြီး အသည်းရောင် အသားဝါ ဘီ/စီပိုး၊ HIV၊ ကာလသားရောဂါနှင့် တီဘီရောဂါများ စစ်ဆေးပေးခဲ့သည်။ ရောဂါရှိသူများအား ကုသမှုပေးကာ ကျန်းမာရေးလက်မှတ်ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ဆေးစစ်ခြင်းက လူမှုကျန်းမာရေးအတွက် အရေးပါပါတယ်။ ဆေးအောင်မှ အလုပ်လုပ်ခွင့်ရမည်။ မအောင်ပါက ကုသပြီးမှသာ ပြန်လုပ်နိုင်မည်” ဟု မြို့ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ခံ ကိုနေဝေစိုး က ရှင်းပြသည်။
ဖျော်ဖြေရေးလုပ်ငန်းများကို MNDAA က တိုက်ရိုက်ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ လုပ်ကိုင်သူများအနေဖြင့် ၃ လတစ်ကြိမ် သွေးပြန်စစ်ကာ Infection Screening Card ရမှသာ အလုပ်ဆက်လုပ်ခွင့်ရမည်ဟု သတ်မှတ်ထားသည်။
“ဤလုပ်ငန်းများကို ကမ္ဘာတစ်ဝှမ်းတွင် ထိန်းသိမ်းကျန်းမာရေးစစ်ဆေးမှုများဖြင့် လုပ်ကိုင်လေ့ရှိပါသည်။ ကျွန်တော်တို့ကလည်း ရောဂါကူးစက်မှု မပြန့်ပွားရေး ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ပါသည်” ဟု ဒေသဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။
လားရှိုးမြို့သည် MNDAA ထိန်းချုပ်ထားသော အထူးဒေသ(၁) အဖြစ် စီမံခန့်ခွဲလျက်ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီထံမှ သိမ်းပိုက်နိုင်ခဲ့သည်။



