လာမည့် ဒီဇင်ဘာလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် တိုက်တွန်းမှာကြားခဲ့သည်။
အစည်းအဝေးတွင် စစ်ကောင်စီဥက္ကဋ္ဌက “လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အားကောင်းမှသာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မည်” ဟု ပြောကြားခဲ့ပြီး လုံခြုံရေးစနစ် ကောင်းမွန်လာပါက ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။
သို့ရာတွင် ၂၀၂၅ ခုနှစ်သည် စစ်အာဏာရှင်စနစ် အဆုံးသတ်မည့်နှစ်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပဖြစ်မည်ဟု မထင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ခဲ့သည်။
ဦးသန်းစိုးနိုင်က “သူ့(စကစ) ရွေးကောက်ပွဲအစီအစဉ်တွေဟာ စစ်ရှုံးနေတဲ့အတွက် တဖြည်းဖြည်း ဆုတ်ဆုတ်လာတာ အခု ၂၀၂၅ ကျော်စရာအကြောင်းမရှိပါဘူး။ မင်းအောင်လှိုင် စစ်ရေးအရ ရှုံးနိမ့်ပြီးတော့ နေပြည်တော်ကနေ သူထွက်ခွာရမယ့် အခြေအနေဖြစ်တဲ့အတွက် ရွေးကောက်ပွဲဟာလည်း ကျင်းပဖြစ်မယ်လို့ မထင်ဘူးလို့ ကျွန်တော့်တစ်ဦးတည်းအမြင်အနေနဲ့ သုံးသပ်ပါတယ်ခင်ဗျ”ဟု ပြောသည်။
နိုင်ငံတဝန်း မြို့နယ် ၃၃၀ တွင် လက်နက်ကိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ စိုးမိုးနယ်မြေသည် သုံးပုံတစ်ပုံပင် မပြည့်တော့သည့် အခြေအနေ ရှိနေသည်။
သို့သော် နိုင်ငံရေးသုံးသပ်သူ ဦးခင်မောင်ဇော်က ရွေးကောက်ပွဲကျင်းပဖြစ်မည်ဟု ယုံကြည်ပြီး အနည်းဆုံး မြို့နယ် (၁၁၀) တွင် ပြင်ဆင်မှုများ ရှိနေသည်ဟု ဆိုသည်။
ဦးခင်မောင်ဇော်က “ရွေးကောက်ပွဲကတော့ မဖြစ်စရာအကြောင်းမရှိဘူး။ အနည်းဆုံး မြို့နယ်(၁၁၀)ဆိုတာလည်း ထွက်လာပြီ။ ဒီထက်ပိုအောင်တော့ ကြိုးစားရမှာပေါ့။ Base line မှာတော့ မြို့ (၁၁၀) ပြင်ဆင်နေတယ်ဆိုတဲ့သဘောတော့ ရှိတာပေါ့။ နိုင်ငံရေးဘောင် ကျယ်ဖို့အတွက်ကတော့ နံပါတ်တစ်က အရေအတွက်ပေါ့။ (၁၁၀)ဆိုတာကတော့ တော်တော်နည်းသေး တာပေါ့နော်။ ဒါကတော့ အပိုင်လုပ်နိုင်တာကို စဉ်းစားတဲ့ သဘောတော့ ရှိတာပေါ့” ဟု ပြောသည်။
ထို့ကြောင့် စစ်တပ်ထိန်းချုပ်ထားသော ဒေသများတွင်သာ ရွေးကောက်ပွဲကျင်းပပြီး ယင်းရလဒ်ကို နိုင်ငံတော်ရွေးကောက်ပွဲအဖြစ် ကြေညာနိုင်သော်လည်း နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိမည်မဟုတ်ဘဲ စစ်အစိုးရ၏ တရားဝင်မှုကို ပိုမိုထင်ဟပ်စေနိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။


