ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ခရိုင်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အား PSLF/TNLA (ပလောင်) တပ်ဖွဲ့များက စစ်ရေးဖိအားပေး မောင်းထုတ်လာမှုကြောင့် နှစ်ဖက်ကြား ပဋိပက္ခအရေးနှင့် ရင်ဆိုင်နေရပြီး ဒေသခံများအတွင်း စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
မတ် ၂၃ ရက် နေ့လည်ပိုင်းက မိုးမိတ်ခရိုင် မန်ဖွယ်ကျေးရွာအနီးတွင် TNLA တပ်ဖွဲ့ဝင်များက SSPP/SSA အား နယ်မြေမှ ဆုတ်ခွာရန် အတင်းအကျပ်တောင်းဆိုခဲ့သည်။
SSPP ဘက်မှ သတိပေးသည့်အနေဖြင့် သေနတ် (၅) ချက် မိုးထောင်ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၇:၂၀ တွင် TNLA တပ်များ ထပ်မံချဉ်းကပ်လာသောအခါ (၆) ချက်ထပ်မံပစ်ခတ်ကာ ဖယ်ရှားခဲ့ကြောင်း၊ နောက်ဆုံးတွင် TNLA တပ်များ မိုးမိတ်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံစစ်ရေးအရင်းမြစ်တစ်ခုက ပြောဆိုသည်။
အလားတူပင် မတ် ၂၃ ရက်ကလည်း လှည်ကြီးကျေးရွာရှိ SSPP/SSA စခန်းအား TNLA ၏ တပ်မဟာ (၃) မှ တပ်ဖွဲ့ဝင်များက နှစ်ကြိမ်တိုင် ဆုတ်ခွာရန် ပြောခဲ့သဖြင့် နှစ်ဖက်ကြား စစ်ရေးအခြေအနေ ပိုမိုတင်းမာလာခဲ့သည်။
လက်ရှိအချိန်အထိ မိုးမိတ်ခရိုင်အတွင်း SSPP၊ TNLA၊ KIA (ကချင်လွတ်မြောက်ရေးတပ်) နှင့် PDF တပ်ဖွဲ့များ ရှိနေပြီး နယ်နမိတ်အငြင်းပွားမှုများကြောင့် တိုက်ပွဲများ စတင်ဖြစ်ပွားလာနိုင်သည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
သို့ရာတွင် SSPP နှင့် TNLA နှစ်ဖက်စလုံးမှ လက်ရှိအခြေအနေနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် မပြုသေးဘဲ မြေပြင်အခြေအနေများကို စောင့်ကြည့်စုံစမ်းနေဆဲဖြစ်သည်။
ဤပဋိပက္ခသည် ရှမ်းပြည်မြောက်ပိုင်းရှိ လက်နက်ကိုင်အုပ်စုများကြား မဟာမိတ်စည်းလုံးညီညွတ်မှု အားနည်းလာနိုင်သည့် အရိပ်အယောင်အဖြစ် သတိပြုစရာဖြစ်နေသည်။

