အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်တွင် နယ်မြေများစွာကို ထိန်းချုပ်ထားသော်လည်း ပြန်လည်ထူထောင်ရေး အခက်အခဲများစွာ ရှိနေသောကြောင့် ဘင်္ဂလားဒေ့ရှ်မှ မွတ်ဆလင်ဒုက္ခသည်များကို ရခိုင်များအနေဖြင့် လက်ခံနိုင်အား မရှိသေးကြောင်း နိုင်ငံရေးသမားအချို့က သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ တော်လှန်ရေးမှာ အဆုံးသတ်မဖြစ်သေးကြောင်း၊ နယ်မြေအလုံးစုံ ထိန်းချုပ်နိုင်သည့်တိုင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များမှာ အခက်အခဲရှိနေဦးမည့် အခြေအနေတွင် မွတ်ဆလင်ဒုက္ခသည်များ ပြန်ပို့ကာ တာဝန်ခံခိုင်းခြင်းက လွယ်လွယ်မဖြစ်နိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က ပြောသည်။
ဦးမျိုးကျော်က “အာရက္ခတပ်တော်အနေနဲ့လည်း သူကိုယ်တိုင်က ဒီတော်လှန်ရေးတစ်ခုက အခုချိန်ထိ အဆုံးသတ်လို့ မရနိုင်သေးဘူး။ အဆုံးသတ်ဖို့အတွက် သူ့မှာလည်း ရခိုင်ပြည်ထဲမှာ လုပ်စရာအလုပ်တွေ၊ သိမ်းဖို့ဆိုလည်း ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် ကျန်နေတယ်။ အကယ်၍ သိမ်းလို့ အကုန်လုံးရပြီးပြီ၊ သူ့ရဲ့တော်လှန်ရေးက သူ့နယ်မြေတွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပြီဆိုရင်တောင်မှ ဒီနေရာတွေမှာ တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ရယ်၊ အုပ်ချုပ်ရေး ယန္တရားတွေကို စနစ်တကျ တည်ဆောက်ရမှာတို့၊ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေဖို့၊ ကျန်းမာရေး၊ ပညာရေးကအစ လုပ်စရာလုပ်ငန်းတွေက အများကြီး အခက်အခဲရှိဦးမယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဘဇား ဒုက္ခသည်စခန်းသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် AA နှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း မတ်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
“ဒီဟာတွေအတွက် နိုင်ငံတကာက ဝင်ပါပြီး ကူညီရင်တစ်မျိုးပေါ့။ နောက်တစ်ခုက ရခိုင်အနေနဲ့ အချုပ်အခြာကို ရတယ်ဆိုရင်တောင်မှ ဘယ်သူတွေက သူ့ကို ထောက်ခံမလဲ၊ ဘယ်နိုင်ငံတွေက အထောက်အပံ့ပေးမလဲဆိုတဲ့ ဟာမျိုးတွေက အများကြီးလိုသေးတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီဒုက္ခသည်တွေကို တစ်ခါနေပြီး ပြန်လည်ထူထောင်ဖို့တောင် ခက်ခဲနေတဲ့ ရခိုင်ပြည်ကို ဒီဟာတွေ ဒုက္ခသည်ကိုပါ ထားပြီးတော့ ပို့ပြီးတော့ တာဝန်ခံခိုင်းတယ်ဆိုတာ လွယ်လွယ်နဲ့တော့ ဖြစ်မယ်လို့ မထင်ပါဘူး။ ရခိုင်တွေအနေနဲ့လည်း လက်ခံနိုင်အား ရှိလိမ့်မယ်လို့တော့ မယုံကြည်ဘူး” ဟု ဦးမျိုးကျော်က ဆက်ပြောသည်။
မွတ်ဆလင်ဒုက္ခသည်များကို လာမည့် ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ မိုဟာမက်ယူနွတ်က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်အား ကတိပြုပြောကြားခဲ့သည်။
သို့သော် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေး တိုဟစ်ဟူစိန်ကမူ မွတ်ဆလင်ဒုက္ခသည်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံအစိုးရနှင့် ဒေသအာဏာပိုင်များအပေါ် အများကြီး သက်ဆိုင်ကြောင်း ပြောဆိုထားသည်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေသော မွတ်ဆလင်ဒုက္ခသည်ဦးရေမှာ သိန်းဂဏန်းခန့်သာရှိသည်ဟု မြန်မာအစိုးရဘက်က ထုတ်ပြန်ထားသော်လည်း ကုလဘက်ကတော့ ၁ ဒသမ ၂ သန်းခန့်ရှိကြောင်း ခန့်မှန်းထားသည်။

