မြဝတီမှ ကား ၇ စီးဖြင့် ထွက်ပြေးလာသော ကျားဖြန်တရုတ် ၂၀ ခန့် တာ့ခ်မြို့အနီးတွင် ဖမ်းဆီးမိမတ်-၂၅၊ ၂၀၂၅။မြဝတီမြို့နယ်မှ မော်တော်ကား ၇ စီးဖြင့် ထွက်ပြေးလာသည့် Call Center Scam ကျားဖြန့်လုပ်ငန်းသမား တရုတ်နိုင်ငံသား ၂၀ ခန့်ကို တာ့ခ်မြို့အနီး အမြန်လမ်းမကြီးပေါ်၌ ယနေ့နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့သည်။
အမှတ်(၁) အဝေးပြေးလမ်းမပေါ် ခရီးသွားယာဉ်များ စစ်ဆေးနေသည့် တာ့ခ်တပ်ဖွဲ့က အရှိန်ပြင်းစွာ မောင်းထွက်လာသည့် ယာဉ်တစ်စီးကို လိုက်လံစစ်ဆေးရာမှ လမ်းခွဲတစ်ခုတွင် ကား ၇ စီးနှင့် တရုတ်နိုင်ငံသား ၂၀ ခန့်အား မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက ၄င်းတို့အား ဝင်ရောက်ဖမ်းဆီထိန်းသိမ်းစဉ် ကား ၃ စီးနှင့် တရုတ်နိုင်ငံသား အချို့ လွတ်မြောက်သွားသော်လည်း ကား ၄ စီး၊ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးနှင့် တရုတ်နိုင်ငံသား ၅ ဦးကို ကနဦးဖမ်းဆီးနိုင်ခဲ့သည်။
ဆက်လက်၍ တာ့ခ်နယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်းကာ လိုက်လံဖမ်းဆီးရာတွင် ထိုင်းယာဉ်မောင်း ၁ ဦး၊ တရုတ်အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁ ဦးအား ထပ်မံဖမ်းဆီးနိုင်ခဲ့သည်။ စုစုပေါင်း ဖမ်းဆီးရမိသူများနှင့်အတူ မော်တော်ယာဉ် ၇ စီး၊ လက်ကိုင်ဖုန်း ၁၁၀ လုံးနှင့် ဆင်း(ကဒ်) ၂၀၀ ကို သိမ်းဆည်းခဲ့ပြီး ယာဉ်မောင်းများအား တာ့ခ်ရဲစခန်းသို့ ပို့ဆောင်ထားသည်။
ဖမ်းဆီးခံထိုင်းယာဉ်မောင်း၏ ထွက်ဆိုချက်အရ ၎င်းတို့အား Kamphaeng Phet ခရိုင်သို့ တရုတ်နိုင်ငံသားများကို ပို့ဆောင်ရန် ပြောဆိုထားကြောင်း၊ သို့သော် လုပ်ငန်းဆိုင်ရာ အသေးစိတ်ကို မသိရှိကြောင်း ဖော်ပြသည်။ စုံစမ်းစစ်ဆေးမှုများအရ ဤအဖွဲ့သည် ကြော်ငြာစင် ကျားဖြန့်လိမ်လည်မှုလုပ်ငန်း (Call Center Scam) နှင့် ဆက်စပ်နေကြောင်း သံသယရှိထားသည်။

