ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု အတွင်းရှိ တောတွင်းနေရာတစ်ခုတွင် တရုတ်နိုင်ငံသားများ ပါဝင်သည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်စုအား ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA က ယမန်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးရမိသူများနှင့်အတူ ဖုန်းမျိုးစုံ၊ တက်ဘလက်များ (I Pad)၊လက်တော့ပ်ကွန်ပျူတာများ အပါအဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် အသုံးပြုသည့် ပစ္စည်းများ အများအပြား ရရှိခဲ့ကြောင်း SSPP/SSA က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသူ တရုတ်နိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ပြီး၊ SSPP/SSA အုပ်ချုပ်ရေးနယ်မြေအတွင်း ကျားဖြန့်ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားကြောင်း နှင့် ပါဝင်သူများအား ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။
SSPP/SSA သည် ၂၀၂၄ ခုနှစ် မေ ၁၃ ရက် ကတည်းက ၎င်း၏နယ်မြေတွင် ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်ပါက ပူးပေါင်းဆောင်ရွက်ခြင်း၊ ခိုလှုံခွင့်ပေးခြင်းမပြုရန် တပ်မှူးများ၊ အုပ်ချုပ်ရေးအဆင့်ဆင့်နှင့် ပြည်သူများထံ အမိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်ဘက်တွင် အဖမ်အဆီးများသဖြင့်တောင်ပိုင်းမှ မိုင်းကိုင်၊ ကျေးသီး၊ လဲချားနှင့် မိုင်ရှူး၊ ဟိုင်ပါရေတံခွန်နားအထိ ကျားဖြန့်များ ပြောင်းရွှေ့နေသည့်သတင်းများထွက်ပေါ်ခဲ့ပြီး ယခုအခါ SSPP မှ ဖမ်းဆီးခြင်းဖြစ်သည်။


