မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးရုံးသို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
မတ်လ ၂၄ ရက် နံနက် ၉ နာရီခန့်က ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးရုံးအား တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်မှုတွင် ဒရုန်းဗုံးတစ်လုံးသည် ရုံးဝင်းအတွင်း အလံတိုင် နှင့် ခြံစည်းရိုးကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးအနီးမှ ဖြတ်သွားသည့် အရပ်သားတစ်ဦး၏ တင်ပါးတွင် ဗုံးအစအနဖြင့် ဒဏ်ရာရရှိခဲ့သည်။
“ဒဏ်ရာရသူသည် ဘီးလင်းမြို့နယ်ဆေးရုံတွင် ကုသမှုခံယူပြီး နေအိမ်ပြန်ရောက်သွားပြီဖြစ်ကြောင်း” မြို့ခံတစ်ဦးက ပြောသည်။
ထို့အပြင် တိုက်ခိုက်မှုကြောင့် ရုံးဝင်းခြံစည်းရိုး ပျက်စီးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
အလားတူ မတ်လ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဘီးလင်းမြို့နယ် နတ်ကြီးကျေးရွာအနီးရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်သို့လည်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ပေ။
ဘီးလင်းမြို့နယ် အုပ်ချုပ်ရေးရုံးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လေးကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး ရုံးအဆောက်အဦး အချို့ ပျက်စီးမှုများ ရှိခဲ့သည်ဟု မြို့ခံများက ဆိုသည်။

Photo- ပုံဟောင်း