ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးအောင်မျိုးမင်း၏ နေအိမ်ပေါ်သို့ ယမန်နေ့ ညနေ (၄) နာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ဦးအောင်မျိုးမင်း၏ သားဖြစ်သူ အသက် (၁၁) နှစ်အရွယ် Grade – 3 ကျောင်းသား မောင်စိုင်းဝေယံမျိုး နှင့် သမီးဖြစ်သူ အသက် (၆) နှစ်အရွယ် KG ကျောင်းသူလေး မလင်းလဲ့နေခြည် တို့မှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ကလေး (၂) ယောက်လုံးရဲ့ ခန္ဓာကိုယ်အနှံ့မှာ လက်နက်ကြီးကျည်စထိမှန်တဲ့ ဒဏ်ရာတွေ ရခဲ့တာပါ။ ကလေးတွေကို တောင်ကလေးတိုက်နယ်ဆေးရုံကို ချက်ချင်းပို့ပေးခဲ့ကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့နောက် ကလေးငယ် (၂) ဦးအား တောင်ကလေးတိုက်နယ်ဆေးရုံမှ တဆင့် ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
လတ်တလော ကော့ကရိတ်မြို့အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် KNU/KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
