ကျိုက်ထို၊ မတ် ၂၅ — မတ်လ ၂၃ ရက် ညနေ ၅ နာရီခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ကျိုက်ထိုမြို့နယ်အတွင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) မှ အရာရှိအပါအဝင် တပ်ဖွဲ့ဝင် (၃) ဦးအား တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဖက္ကလိပ်ကျေးရွာအုပ်စု ခမိတ်ကျေးရွာနှင့် ကြာဖြူကျေးရွာကြား ကုန်တင်ယာဉ်များအား စစ်ဆေးနေစဉ် ပစ်ခတ်မှုခံခဲ့ရခြင်းဖြစ်ပြီး ဒုတိယစုံစမ်းရေးမှူး မင်းသူ နှင့် လက်ထောက်စုံစမ်းရေးမှူး မျိုးသန့်တို့ အရာရှိနှစ်ဦး သေဆုံးကာ စုံစမ်းရေးမှူး သူရစိုး ပြင်းထန်ဒဏ်ရာရရှိပြီး ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။
ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ကျိုက်ထိုမြို့နယ် (စစစ) ဦးစီးဌာနက တပ်ဖွဲ့ဝင်တွေက ကုန်တင်ယာဉ်တွေကို သွားစစ်နေတဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့ ကြားသိရပါတယ်။ အရာရှိ (၂) ဦးကတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးခဲ့ပါတယ်။ ကျန်တစ်ဦးကတော့ ကျိုက်ထိုဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဖြစ်စဉ်နေရာတစ်ဝိုက်အား စစ်တပ်မှ ပိတ်ဆို့စစ်ဆေးခဲ့ပြီး ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။
ပစ်ခတ်သူ အဖွဲ့အစည်းအမည်ကို အတိအကျ မသိရသေးသော်လည်း မွန်ပြည်နယ်အတွင်း ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ် စစ်ကောင်စီယာဉ်များ မကြာခဏ တိုက်ခိုက်ခံရသည့် ဖြစ်ရပ်များ ယခင်ကတည်းကရှိခဲ့သည်။