အရက်ဖိုးမပေး၍ သံဃာတော်တစ်ပါးအား တူတော်စပ်သူမှ ဓားဖြင့် ထိုးသတ်မှု သထုံမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် (၅) နာရီခွဲအချိန်ခန့်က သထုံမြို့၊ လိပ်အင်းရပ်ကွက်၊ ကုန်းပေါ်တန်းလမ်းရှိ မဟာဗောဓိဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သီတင်းသုံးနေသော ခန်းနေကိုယ်တော် ဥူးဝေပုံလ မှာ ထိုးသွင်းဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သတင်းရရှိသည်။
သက်တော် (၇၄) နှစ် ဝါတော် (၂၃) ရှိ ဥူးဝေပုံလ မှာ ၎င်းသီတင်းသုံးရာအခန်းအတွင်း လည်ပင်း၌ ထိုးသွင်း ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “မနေ့ညပိုင်းက ဥူးဝေပုံလ သီတင်းသုံးတဲ့ အခန်းကို တူတော်စပ်တဲ့ ငြိမ်းချမ်းအောင် (ခ) ကျန်ကျောင်း ဆိုသူ ရောက်ရှိလာတယ်ဆိုပြီး စုံစမ်းသိရှိရလို့ ငြိမ်းချမ်းအောင် ကို ဒီနေ့ မနက်ပိုင်းမှာ ရှာဖွေတဲ့အခါမှာ ပိတောက်မြိုင်ရပ်ကွက်၊ ကျောက်လုံးကြီးလှေဆိပ်မှာ တွေ့ရလို့ ဖမ်းဆီးရမိထားပြီးလို့ သိရပါတယ်” ဟု ပြောကြားသည်။
ဖြစ်စဉ်မှာ ယမန်နေ့ညပိုင်းက အရက်မူးပြီး ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဥူးဝေပုံလ ထံ အရက်ဖိုးတောင်းရာ မပေးသည့်အတွက်ကြောင့် အရိုးအသွား (၈) လက်မခန့်ရှိ ကြက်သွန်လှီးသည့် ဓားဖြင့် ဥူးဝေပုံလ ၏ လည်ပင်းသို့ ထိုးသွင်းသတ်ဖြတ်ခဲ့သည်ဟု ငြိမ်းချမ်းအောင်က ထွက်ဆိုထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းအောင် (ခ) ကျန်ကျောင်း အား သက်ဆိုင်ရာမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။