အစ္စရေးတပ်များက ဂါဇာကမ်းမြောင်ဒေသ ရာဖာမြို့အနီး တယ်လ်အယ်ဆူလ်တန်မြို့သို့ မတ် ၂၃ ရက်တွင် လေကြောင်းနှင့် မြေပြင်ထိုးစစ်ဆင်နွှဲခဲ့ရာ ဟားမက်စ်နိုင်ငံရေးခေါင်းဆောင် ဆလာအယ်လ်ဘာဒါဝီ၊ သူ၏ဇနီးနှင့် ပါလက်စတိုင်းပြည်သူ ၁၈ ဦး သေဆုံးခဲ့သည်ဟု ဟားမက်စ် မီဒီယာဒါရိုက်တာ ဟာဆန်းအယ်လ်နိုနိုက ၄င်း၏ဖေ့စ်ဘုတ်စာမျက်နှာတွင် အတည်ပြုထားသည်။
၂၀၂၃ ခုနှစ်မှစတင်၍ ၁၇ လကြာ ဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခကို အီဂျစ်၊ ကာတာစသည့် ငြိမ်းချမ်းရေးအဖွဲ့များ ကြားဝင်စေ့စပ်ခဲ့ပြီး ယခင်က နှစ်လကြာ အပစ်အခတ်ရပ်စဲထားမှု ရှိခဲ့သည်။
သို့သော် ဟားမက်စ်ဘက်မှ ဓားစာခံများ လွှတ်ပေးရန် ပျက်ကွက်ခြင်း၊ သဘောတူညီချက်များ ပြင်ဆင်ရန် ငြင်းဆန်ခြင်းနှင့် လက်နက်များ ပြန်လည်စုဆောင်းနေသည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်။ ထို့နောက် မတ် ၁၈ ရက်မှစတင်၍ အစ္စရေးက ဝေဟင်နှင့် မြေပြင်ထိုးစစ်ကို ၆ ရက်ဆက်တိုက် ဆင်နွှဲခဲ့သည်။
ယခုတိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းပြည်သူ ထောင်နှင့်ချီ သေဆုံးခဲ့ရပြီး စစ်ပွဲကာလတစ်လျှောက် စုစုပေါင်း သေဆုံးသူသည် ၅၀,၀၀၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဂါဇာဒေသတွင် ဆေးရုံများ၊ ကျောင်းများ ပျက်စီးခြင်း၊ လူနေအိမ်ခြေ ၇၀% ကျော် မပြန်လည်တည်ဆောက်နိုင်သေးဘဲ လူသန်းပေါင်းများစွာ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီများ လိုအပ်နေဆဲဖြစ်သည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက အရှိန်မြင့်လာသော ပဋိပက္ခကို စိုးရိမ်ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တိုက်တွန်းနေသည်။
အထူးသဖြင့် ဟားမက်စ်၏ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ထိခိုက်သေဆုံးမှုသည် ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။
အစ္စရေးက ဟားမက်စ်၏ စစ်ရေးစွမ်းရည်ကို လျှော့ချရန် ရည်ရွယ်ကြောင်း ပြောဆိုနေသော်လည်း ပါလက်စတိုင်းဘက်မှ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရသည်။ ကမ္ဘာ့အသိုင်းအဝိုင်းက နှစ်ဖက်ညှိနှိုင်းမှု ပြန်လည်စတင်ရန် မျှော်လင့်နေသည်။
ကိုးကား – abc.net.au




