ထိုင်းနိုင်ငံအနေဖြင့် မြန်မာနယ်စပ်တစ်လျှောက် ကျားဖြန့်လုပ်ငန်း (အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်သူ တစ်သိန်းဝန်းကျင် ယနေ့တိုင် လှုပ်ရှားနေဆဲဖြစ်ကြောင်း လုံခြုံရေးသတင်းအရင်းမြစ်များမှ ဖော်ထုတ်ခဲ့သည်ဟု ဆိုသည်။
ထိုင်းအစိုးရက ယခုနှစ်အတွင်း အင်တာနက်ဝန်ဆောင်မှုများ ပိတ်ပင်ခဲ့သော်လည်း Starlink ကဲ့သို့ ဂြိုလ်တုအင်တာနက်စနစ်များကို အသုံးပြု၍ ရာဇဝတ်ကွန်ရက်များ ဆက်လက်လည်ပတ်နေသည်ဟု ဖမ်းဆီးခံရသူများထံမှ ရရှိသော အချက်အလက်များအရ သိရသည်။
မတ်လ ၂၂ ရက်က ထိုင်းနိုင်ငံ၏ နယ်စပ်လုံခြုံရေးကော်မတီ ဒုတိယအစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က “မြန်မာဘက်ခြမ်းရှိ လောင်စာဆီ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ ပိတ်ပင်ခဲ့သော်လည်း Starlink စနစ်မှတစ်ဆင့် ရာဇဝတ်လုပ်ငန်းများ ပိုမိုတိုးခဲ့သည်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ထိုင်းအစိုးရအနေဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ရှိ ရာဇဝတ်ဂိုဏ်းများကို ချိတ်ဆက်တိုက်ဖျက်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်တင်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ခဲ့သည်။
အထူးသတိပြုရမည့်အချက်မှာ မြဝတီမြို့သည် အွန်လိုင်းလိမ်လည်မှုများ၏ အဓိကဗဟိုချက်ဖြစ်နေဆဲဖြစ်ပြီး ယခုလို နည်းပညာအဆင့်မြင့် ရာဇဝတ်မှုများကို ကိုင်တွယ်ရန် ထိုင်းနိုင်ငံသည် ဥပဒေအကြံပေးကော်မတီနှင့် အထူးတပ်ဖွဲ့များ ဖွဲ့စည်းခဲ့သည်။
လာမည့်လများတွင် နယ်စပ်ဒေသငါးခုကို “အထူးလုံခြုံရေးဇုန်” အဖြစ် သတ်မှတ်ရန် အဆိုပြုထားပြီး စီးပွားရေးအပေါ် သက်ရောက်မှုကို စောင့်ကြည့်သွားမည်ဟု ဆိုသည်။
Ref; ထိုင်းမီဒီယာများ


