မြန်မာနယ်စပ် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံကို လူပွဲစားအကူအညီဖြင့် ဖြတ်ကျော်ပြီး ကမ္ဘောဒီးယားနယ်စပ်သို့ သွားမည့် ကျားဖြန့်တရုတ် ၂ ဦးအား စံခလပူရီမြို့အနီး၌ ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။
ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ်၊ ဝင်းကကျေးရွာဟောင်းအနီးတွင် မတ်လ ၂၁ ရက်က ထိုင်းစစ်တပ်၊ ကျေးရွာလုံခြုံရေး၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့က ၎င်းတရုတ်နိုင်ငံသား ၂ ဦးအား ထိုင်းနိုင်ငံသို့ ခိုးဝင်သည့်အမှုဖြင့် ဖမ်းဆီးခဲ့သည်။
၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံ ဘုရားသုံးဆူဒေသမှ ထွက်ပြေးလာပြီး ကမ္ဘောဒီးယားသို့ သွားရန် လူပွဲစားအား ဘတ်ငွေ ၁၆၀,၀၀၀ ပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။
ဖမ်းဆီးခံရသူများသည် တရုတ်နိုင်ငံမှ ဘုရားသုံးဆူနယ်စပ်မြို့သို့ ကားဖြင့် ရောက်ရှိလာခဲ့ပြီး Call Center Scam (ဖုန်းလိမ်အဖွဲ့) တစ်ခုတွင် အလုပ်လုပ်ရန် စီစဉ်ခဲ့သော်လည်း လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အလုပ်နှင့် နေထိုင်မှုအခက်အခဲဖြစ်လာသဖြင့် မတ်လ ၁၇ ရက်က ထိုင်းနိုင်ငံသို့ ခိုးဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့သည် သဘာဝတောလမ်းကြောင်းမှ လမ်းလျှောက်ဝင်ရောက်လာကာ ဆရာတော်ဦးဥတ္တမ မွန်တံတား အနီးတွင် လှေစီး၍ ဝင်းကကျေးရွာဟောင်း ရေအောက်ဘုရားကျောင်းအနီးသို့ ရောက်ရှိလာခဲ့ပြီး ဘန်ကောက်မြို့သို့ ဆက်လက်သွားရန် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရသည်။
ထိုင်းလုံခြုံရေးတပ်ဖွဲ့က ၎င်းတို့နှစ်ဦးအား ဖြစ်စဉ်များကို အသေးစိတ်သိရှိနိုင်ရန် စစ်ဆေးမေးမြန်းလျက်ရှိပြီး ထိုင်းဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု သိရသည်။

