မတ် ၁၈ ရက်က မနက်အစောပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုဌာနချုပ်နှင့် စစ်ရုံးနယ်မြေအား ကာမီကာဇေ အသေခံ ဒရုန်းများဖြင့် ၃ ကြိမ်တိုက်ခိုက်ခံရကြောင်း သတင်းအရင်းအမြစ်များက ဖော်ပြသည်။
ယင်းတိုက်ခိုက်မှုတွင် KNU ၏ လက်နက်ကိုင်တပ် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ အိမ်နှင့် ပတ်ဝန်းကျင်သို့ ဒရုန်းများ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူသားအသေအပျောက်မရှိဘဲ အဆောက်အအုံများနှင့် တိရစ္ဆာန်အချို့သာ ပျက်စီးမှုရှိခဲ့သည်ဟု အရင်းအမြစ်များက ဆိုသည်။
ဤဖြစ်စဥ်မှာ KNU ဌာနချုပ်နယ်မြေအား လွန်ခဲ့သော ၅ လအတွင်း ၃ ကြိမ်မြောက် ဒရုန်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ ယခင်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တို့တွင်လည်း အလားတူ တိုက်ခိုက်မှုများ ရှိခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်က ဖြစ်စဉ်သည် ၇၆ နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့အခမ်းအနားကျင်းပရာနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ၊ ယခင် ၇၀ ပြည့် စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည့်နေရာကို ဒရုန်းဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ထိုအကြိမ်က အဆောက်အဦများ ပျက်စီးပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
KNU ဌာနချုပ်သည် မြန်မာနိုင်ငံတောင်ပိုင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့များ၏ အဓိကစခန်းဖြစ်ပြီး ယခုကဲ့သို့ ထပ်တလဲလဲ တိုက်ခိုက်ခံရခြင်းသည် ဒေသတွင်း ပဋိပက္ခအခြေအနေကို ပိုမိုတင်းမာလာစေသည်ဟု လေ့လာသူများက သုံးသပ်သည်။
Crd- ယခင်ပုံအဟောင်းများ

