ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ARSA (အာရကန်ရိုဟင်ဂျာတပ်ဖွဲ့) ၏ ထိပ်ပိုင်းခေါင်းဆောင် အာတာအူလာ အပါအဝင် အဖွဲ့ဝင် ၆ ဦးကို ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများ၌ စစ်ဆင်ရေးဖြင့် မတ် ၁၇ ရက်တွင် ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံသူများတွင် Mostaq Ahmed၊ Salimullah၊ Md. Asmatullah၊ Hasan နှင့် စခန်းတွင်းမှ Moniruzzaman တို့ပါဝင်ပြီး ၎င်းတို့အား ချုပ်နှောင်ထားရန် ၁၀ ရက်ခွင့်ပြုထားကာ အမှုနှစ်ခုဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။
ဆွေးနွေးမှုပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အာတာအူလာသည် ရခိုင်ပြည်နယ် မောင်တောမှ ကော့ဘဇားဒေသ ဒုက္ခသည်စခန်းသို့ လာရောက်စဉ် အခြားခေါင်းဆောင်များနှင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စွပ်စွဲချက်တွင် ARSA အဖွဲ့သည် ဒေသတွင်း၌ လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူမဆန်သော ရာဇဝတ်မှုများကို မကြာခဏ ပြုလုပ်လျက်ရှိပြီး ဒုက္ခသည်စခန်းများအား အခြေပြု၍ လှုပ်ရှားနေကြောင်း ဖော်ပြသည်။
ဤဖမ်းဆီးမှုသည် ဒေသတွင်း လုံခြုံရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး လာမည့်မတ်လ ၂၈ ရက်တွင် တရားစီရင်လိမ့်မည်ဟု သိရသည်။


