ရခိုင်ဒေသတွင် အာရက္ခတပ်တော် (AA) က မြို့နယ်အားလုံးနီးပါးကို ထိန်းချုပ်လိုက်ပြီးနောက် ကုန်ဈေးနှုန်းများ သိသိသာသာ ကျဆင်းလာကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် တိုက်ပွဲများ စတင်ဖြစ်ပွားချိန်က စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခဲ့သော်လည်း၊ AA က မြို့နယ်အများစုကို ထိန်းချုပ်လိုက်ပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်အဆင်ပြေလာသဖြင့် ဈေးနှုန်းများ တဖြည်းဖြည်း လျော့ကျလာခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက 92 စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ အထိ မြင့်တက်ခဲ့သော်လည်း၊ လက်ရှိတွင် 92 စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၈၅၀၀၊ ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ကျပ် ၂၂၀၀၀ အထိ ကျဆင်းလာခဲ့သည်။
အလားတူ ပေါ်ဆန်းမွေးဆန်တစ်အိတ်လျှင် ကျပ် ၁၆၅၀၀၀ မှ ၁၁၀၀၀၀၊ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ မှ ၅၅၀၀၀၊ စားသုံးဆီ တစ်ပိဿာလျှင် ကျပ် ၅၀၀၀၀ မှ ၂၄၀၀၀ အထိ ကျဆင်းလာခဲ့သည်။
“တိုက်ပွဲစဖြစ်တုန်းက စစ်ကောင်စီက လမ်းပိတ်ထားတော့ ကုန်စည်စီးဆင်းမှုတွေ လုံးဝအဆင်မပြေ ဖြစ်သွားတာပေါ့။ ပြည်မဖက်ကကုန်တွေကို နည်းအမျိုးမျိုးနဲ့ ရအောင် သယ်ယူကြရတဲ့အတွက် ကုန်စျေးနှုန်း အဆမတန် မြင့်တက်သွားတယ်။ အခုကတော့ လမ်းခရီးတွေအဆင်ပြေလာတဲ့အတွက် ကုန်ဈေးနှုန်းတွေ ကျလာပြီ” ဟု ရခိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။
AA သည် ၎င်းတို့ ထိန်းချုပ်နယ်မြေများရှိ အသားဈေး၊ ငါးဈေးများနှင့် စားကုန်ပစ္စည်းများကို ဈေးနှုန်းသတ်မှတ်ကာ ထိန်းညှိလျှက်ရှိကြောင်း သိရသည်။ သို့သော် လက်ရှိတွင် ရခိုင်ဒေသတွင်း ကုန်ဈေးနှုန်းများမှာ အတိုင်းအတာတစ်ခုထိ ကျဆင်းသွားခြင်းမဟုတ်၍ ဈေးနှုန်းများ ယခုထက်ပို၍ ကျဆင်းသွားနိုင်ရန် ဒေသခံများက မျှော်လင့်နေကြသည်။
“အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတော့ စားရေးသောက်ရေးက ခက်ခဲတယ်။ ကုန်ဈေးနှုန်းတွေ တဖြည်းဖြည်းကျလာပေမယ့် တချို့စားကုန်တွေကတော့ ဈေးနှုန်းက အရင်အတိုင်းပဲ။ ဒီထက်ပို လျော့ကျလာနိုင်ဖို့ မျှော်လင့်တယ်” ဟု စစ်တွေမြို့နယ်မှ စစ်ဘေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။
ရခိုင်ဒေသတွင် ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ နှစ်စပိုင်းတို့တွင် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး၊ လက်ရှိတွင်လည်း အခြေခံလူသုံးကုန်ပစ္စည်းအချို့၏ ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေဆဲ ဖြစ်သည်။
Ref; DMG


