သမ္မတ ထရမ့်၏ အမိန့်အရ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသား နှစ်ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ပြီး စစ်ကောင်စီက ယင်းသတင်းကို မတ်လ ၂၁ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။
အမေရိကန်အစိုးရသစ်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအရ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးလျက်ရှိရာ မြန်မာနိုင်ငံသားများလည်း ပါဝင်နေသည်။
ပထမဆုံး အသုတ်အနေဖြင့် ပြည်နှင်ခံရသည့် မြန်မာနှစ်ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည်ဟု စစ်ကောင်စီက ဆိုသည်။
အမေရိကန်ရှိ မြန်မာတစ်ဦးက “ပြန်ပို့ခံရတဲ့ မြန်မာ ၂ ဦးဟာ ဘယ်သူတွေလဲဆိုတာ မသိရသေးပေမယ့်၊ Green Card ကိုင်ဆောင်ထားသူ (သို့မဟုတ်) ခိုလှုံခွင့်တောင်းခံထားသူများ ဖြစ်နိုင်သလို၊ ဗီဇာကျော်လွန်နေထိုင်သူများလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
အမေရိကန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို ပြန်ပို့ရာတွင် လွယ်ကူသော လုပ်ငန်းစဉ်မဟုတ်ဘဲ တရားရုံးများ၏ အတည်ပြုချက်နှင့် တရားသူကြီးများ၏ အမိန့်ချမှတ်မှုများ လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အမေရိကန်ရောက် မြန်မာတစ်ဦးက “ရာဇဝတ်မှုကျူးလွန်ပါက မည်သည့်နိုင်ငံသားမဆို အမေရိကန်က ပြန်ပို့တာက ယခင်ကတည်းက ရှိပါတယ်။ Green Card ရထားသူတွေပါ ပြစ်မှုကျူးလွန်ပါက မူရင်းနိုင်ငံကို ပြန်ပို့တယ်။ သို့သော် အမေရိကန် နိုင်ငံသားဖြစ်သွားပါက ပြန်မပို့တော့ပါဘူး” ဟု ရှင်းပြသည်။
ယခု ပြည်နှင်ခံရသည့် မြန်မာနှစ်ဦးမှာ တရားရုံး၏ အမိန့်ချမှတ်ချက်အရ ရာဇဝတ်မှုဆိုင်ရာ ပြစ်ချက်ရှိသူများ ဖြစ်နိုင်ကြောင်း အမေရိကန်ရှိ မြန်မာများက သုံးသပ်ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုတွင် မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများစွာ ခိုလှုံနေထိုင်ပြီး နွေဦးတော်လှန်ရေးတွင် ထောက်ခံအားပေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ သို့သော် သမ္မတ ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒပြောင်းလဲမှုများက မြန်မာ့နိုင်ငံရေး လှုပ်ရှားသူများအပေါ် ဖိအားများ သက်ရောက်နိုင်ကြောင်း အမေရိကန်ရောက် မြန်မာများက သုံးသပ်ထားသည်။
