မြန်မာနိုင်ငံ၏ ဗဟိုအစိုးရပြိုကွဲမည်ကို အိန္ဒိယအနေဖြင့် စိုးရိမ်နေပြီး မြန်မာ့ဒီမိုကရေစီထူထောင်ရေးကို ဝိုင်းဝန်းကူညီလိုသည့် နိုင်ငံရေးသဘောထားရှိကြောင်း ဖက်ဒရယ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်သူ မွန်နိုင်ငံရေးသမားတစ်ဦးက ပြောကြားသည်။
“အိန္ဒိယပညာရှင်တွေနဲ့ ဆွေးနွေးတဲ့အခါမှာ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံမှာ ဗဟိုအစိုးရပြိုကွဲမှာကို စိုးရိမ်နေပြီး မြန်မာ့ဒီမိုကရေစီထူထောင်ရေးကို ဝိုင်းဝန်းကူညီလိုတဲ့ သဘောထားတွေ့ရှိနေတာကို တွေ့ရတယ်” ဟု မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်များ၊ ဖက်ဒရယ်စနစ်၊ လူမျိုးပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံပါဝင်သော အုပ်ချုပ်မှုစနစ်၊ အိန္ဒိယ၏ ဖက်ဒရယ်စနစ်အတွေ့အကြုံများနှင့် လူမျိုးစုကွဲပြားမှုဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေ တိုင်းရင်းသားလူမျိုးများကဏ္ဍနဲ့ လက်နက်ကိုင်ပဋိပက္ခရှိတဲ့ နယ်မြေတွေမှာ တွေ့ဆုံဆွေးနွေးကာ နိုင်ငံရေးအဖြေရှာခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမျှဝေခဲ့ကြတယ်” ဟု ပြောသည်။
ဆွေးနွေးပွဲတွင် အိန္ဒိယ၏ Think Tanks အဖွဲ့ဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA)၊ မွန်ညီညွတ်ရေးပါတီ (MUP) အပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီ၊ မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ၅ ဖွဲ့၊ အရပ်ဖက်အဖွဲ့အစည်း (CSO) များနှင့် လွှတ်တော်အမတ်ဟောင်းများ စုစုပေါင်း ၄၀ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို မတ်လ ၁၈-၁၉ ရက်များတွင် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး၏ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ပြီး နေပြည်တော်တွင် နောက်ထပ်တစ်ကြိမ် ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း သိရသည်။
Photo- CNI Burmese.
