အိန္ဒိယနိုင်ငံ၏ ထင်ရှားသော Think Tanks အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA) နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) တို့ပါဝင်သည့် ဖက်ဒရယ်စနစ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ အိန္ဒိယစင်တာ၌ ယနေ့ ကျင်းပလျက်ရှိသည်။
ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်၏ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်များ၊ လူမျိုးပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံပါဝင်သော ဖက်ဒရယ်စနစ်ကို စီမံခန့်ခွဲရာတွင် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေခဲ့ကြသည်။ ထို့အပြင် အားလုံးပါဝင်သော အုပ်ချုပ်မှုစနစ်၊ အာဏာခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယ၏ ဖက်ဒရယ်စနစ်နှင့် လူမျိုးစုကွဲပြားမှုများကို စီမံခန့်ခွဲခြင်းဆိုင်ရာ ခေါင်းစဉ်များကို အပြန်အလှန် ဆွေးနွေးလျက်ရှိသည်။
အိန္ဒိယဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA) မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဘက်မှ NSPNC ၏ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်အပါအဝင် ကိုယ်စားလှယ် ၃ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အနက် ၅ ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တက်ရောက်သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင် ၇ ဖွဲ့အနက် ၅ ဖွဲ့မှ ဒေါ်စောမြရာဇာလင်း(ALP)၊ မိဍောင်မလေ(NMSP)၊ နန်းယဉ်ယဉ်စိုး(DKBA)၊ ဗိုလ်မှူးကြီး စောကျော်ညွန့် (KNU/KNLA-PC)၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ(PNLO)နှင့် ABSDF ခေါင်းဆောင် ရဲဘော်မျိုးဝင်းတို့ တက်ရောက်သည်။
အလားတူ နိုင်ငံရေးပါတီများဘက်က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေး မောင်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှ၊ မွန်ညီညွတ်ရေးပါတီ MUP ဒုဥက္ကဌ(၁) နိုင်တလညီ၊
ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ဒေါ်ခင်စောဝေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း၊ စာရေးဆရာ ဦးကျော်ဝင်း၊ USDP မှ ဦးခင်မောင်စိုး၊ ရှမ်းနှင့်တိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီမှ ဦးစောသန်းမြင့်တို့ တက်ရောက်ကြသည်။
ဤဆွေးနွေးပွဲသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် ဖက်ဒရယ်ဆိုင်ရာ လေ့လာရေးခရီးစဉ်၏ အဆက်ဖြစ်ပြီး ယင်းခရီးစဉ်တွင် မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီ ၁၁ ပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၊ NSPNC နှင့် CPR မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။




